
ဇူလိုင် ၁၄ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ရောက်ဖို့ တစ်ပေကျော်အလိုမှာရှိနေပြီး မြစ်အနီးရှိ စိုက်ခင်းတွေထဲ မြစ်ရေများ ဝင်ရောက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ချင်းတွင်းမြစ်အထက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ချင်းတွင်းမြစ်ရေ တက်လာရခြင်းဖြစ်ပြီး လွန်ခဲ့တဲ့ လေးငါးနှစ်တွေထက် ယခုတက်လာသော မြစ်ရေက ပိုမို များပြားတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရှိရပါတယ်။
“အဲ့လောက်ကြီးလည်းမကြီးဘူး။မဝင်သေးဘူး။ရပ်ထဲရွာထဲတွေတော့မဝင်သေးဘူ။အခင်းတွေထဲပဲဝင်သေးတယ်။ရွာထဲကိုတွေတော့မရောက်သေးဘူးမဝင်သေးဘူး။” လို့ ဒေသခံတောင်သူတစ်ဦးကဆိုပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၆ နာရီခွဲ ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေသည် ဆက်လက်မြှင့်တက်လျက်ရှိရာ ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာကို ရောက်ရှိဖို့ ၄၆ စင်တီမီတာအလိုမှာ ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။
လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့မှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ချင်းတွင်းမြစ်ရေအထက်ပိုင်းမှာ မိုးရွာသွန်းမှုကြောင့် တစ်ပတ်အတွင်း ၁၆ ပေအထိမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။
ဟုမ္မလင်းမြို့အပြင် ခန္တီးမြို့မှာလည်း ချင်းတွင်းမြစ်ရေကြီးမှုကြောင့် မြသိန်းတန်ဘုရားစောင်းတန်းမှာ မြေပြိုမှုဖြစ်ပွားခဲ့သလို အနိမ့်ပိုင်း ရပ်ကွက်များအတွင်း ရေဝင်ရောက်နေတယ်လို့ ဒေသခံများထံမှသိရပါတယ်။