စက်တင်ဘာ ၂၄ ၊ ဟုမ္မလင်း
ရှမ်းနီတိုင်းရင်းသားများ နေထိုင်သည့် ဟုမ္မလင်းမြို့နယ်် နှင့် ဗန်းမောက်မြို့နယ်ချင်း ဆက်သွယ်သည့် နမ့်ကုဒင်ချောင်းကူးတံတားကို ရှမ်းနီစာ/ယဉ်အဖွဲ့က ဦးစီးပြီးတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
“ လောလောဆယ်ကတော့ ကွင်းဆင်းတိုင်းတာပြီးတဲ့အခြေအနေတော့ပြီးပြီပေါ့နော် ရံပုံငွေရှာဖွေရေးအပိုင်းကလည်း နမ့်တော့ရွာဦးကျောင်းမှာ အစည်းအဝေးလုပ်တယ်။ အက်စီမိတ်လည်းကျလာပြီဆိုတော့ အဲ့ဒီကနေစပြီးတော့ လက်တွေ့အကောင်အထည်ဖော်မယ်။ ဒီနွေရာသီကိုတော့ တံတားကြီးမပြီးတောင်မှ လမ်းကိုတော့သွားနိုင်အောင်လုပ်မှာပါ့လေ” ဟု ဟုမ္မလင်းရှမ်းနီစာ/ယဉ် မှ အတွင်းရေးမှူး စိုင်းသန်းထွန်းဦးက ပြောသည်။
ထိုတံတားသည် ဟုမ္မလင်းမြို့နယ် နမ့်စက်ကျေးရွာရှိ နမ့်ကဒင်ချောင်းကို ဖြတ်ကူးဆောက်လုပ်မည်ဖြစ်သည်။
တွက်ချက်မှုများအရ ထိုတံတားကို အရှည်ပေ ၄၄၀ ၊ အကျယ် ၂၄ ဖြစ်ပြီး ကုန်ကျစရိတ် ခန့်မှန်း ကျပ်သိန်း (၇၅၀၀) ဖြစ်ကြောင်းသိရသည်။
တံတားဆောက်လုပ်ရန်အတွက် မြေတိုင်းတာမှုများ ၊Soil Test များကိုလည်း အင်ဂျင်နီယာများဖြင့် တိုင်းတာတွက်ချက်ထားပြီးဖြစ်ပြီး လာမည့်ဆောင်းရာသီတွင် စတင်အကောင်အထည်ဖြစ်ကြောင်းသိရသည်။
“ တံတားကို အများအားလုံးသက်ဆိုင်တဲ့ ဒီဒေသလည်းသက်ဆိုင်တဲ့ ဒီဒေသဖွံ့ဖြိုးတိုးတက်ရေးကို ထင်ဟပ်စေမယ့် ရှမ်းနီတံတားဆိုပြီး တာ့ အမည်ပေးထားတယ်ဗျ” ဟု စိုင်းသန်းထွန်းဦးက ဆိုသည်။
တံတားတည်ဆောက်မှုနှင့်ပတ်သက်ပြီး ငွေကြေးများပါဝင်လှူဒါန်းလိုပါက ဟုမ္မလင်းရှမ်းနီစာယဉ်အဖွဲ့ ၊ ဟုမ္မလင်း ပရိယတ္တိစာသင်တိုက် ၊ နမ့်တောရွာဦးကျောင်း တို့တွင် သွားရောက်လှူဒါန်းနိုင်သည်။
ဟုမ္မလင်း နှင့် ဗန်းမောက်မြို့နယ် ဆက်သွယ်ထားသည့် လမ်းပိုင်းများကိုလည်း ဒေသခံများ ၊ လုပ်ငန်းရှင်များ နှင့် ဟုမ္မလင်းရှမ်းနီစာ/ယဉ်ကဦးစီးပြီး ကိုယ်ထူကိုယ်ထပြုလုပ်ခဲ့သည်။