
စက်တင်ဘာ ၁၁ ၊ ဖားကန့်
ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအတွင်းရှိ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေကို စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၃ နာရီကျော်ဝန်းကျင်ကစပြီး စစ်ကောင်စီတပ်တွေက တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ရွာသူ/သားတွေကတော့ တစ်ယောက်မှမရှိကြတော့ဘူးပြောတယ်။ ကိုယ့်နီးစပ်ရာကိုပြေးနေကြပြီ။ မြောက်ကျောင်းကုန်းကို PDF တွေက စခန်းချထားတာလေ တော်တော်ကြာပါပြီ အဲ့တာကို စစ်တပ်က လာတက်သိမ်းတာပေါ့လေ” လို့ ဟောင်ပါးမြောက်ကျောင်း ဘုန်းတော်ကြီးကျောင်းက ဦးဇင်းတစ်ပါးက မိန့်ပါတယ်။
မနက်ပိုင်းမှာစစ်ကောင်စီတပ်တွေက မြောက်ကျောင်းကုန်းပေါ်ကို ပြန်နေရာယူထားလိုက်ပြီး စစ်ရေးတင်းမာနေတဲ့အခြေအနေရှိနေတယ်လို့ ၎င်းဦးဇင်းက မိန့်ပါတယ်။
တာမခံကျေးရွာရှိ စစ်ကောင်စီဗျူဟာကုန်းကနေလည်း (၃)မိုင်အကွာမှာရှိတဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဟောင်ပါးကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
“ လက်နက်ကြီးတွေနဲ့ ပစ်နေတာ ၊ ၁၂ နာရီအတွင်းကို ဖယ်ရင်ဖယ် မဖယ်ရင်တွယ်မယ်လို့ ပြောနေတာ တပ်က ပြန်နောက်ဆုတ်ခဲ့ပြီးတော့ ပစ်နေတာ၊ စစ်တပ်က တာမခံကုန်းပေါ်မှာ ၃ မိုင်ပဲရှိတာကိုး ၊ မနက် ၁၀ နာရီဝန်းကျင်ကတောင်မှ သုံးလေးလုံးပစ်သေးတယ် ရွာထဲကို “ လို့ တာမခံကျေးရွာသားတစ်ဦး ပြောပြပါတယ်။
တိုက်ပွဲက ဆက်လက်ပြင်းထန်လာနိုင်ပြီး လက်ရှိ မှာ ဒေသခံတွေက နီးစပ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။
ဟောင်ပါးကျေးရွာဟာ ဖားကန့်မြို့နယ်အတွင်းက ရှမ်းနီတိုင်းရင်းသား အများဆုံးနေထိုင်တဲ့ ကျေးရွာတစ်ခုလည်းဖြစ်ပါတယ်။