
ဩဂုတ် 8 ၊ ဖနွမ်းပင်
မြန်မာစစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်စီရင်မှုတွေထပ်မံလုပ်မယ်ဆိုရင် အာဆီယံရဲ့ မြန်မာနိုင်ငံအတွက်ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်လည်စဉ်းစားမယ်လို့ ပြောဆိုလိုက်ပါတယ်။
“အကျဥ်းသားတွေကို ထပ်မံကွပ်မျက်တာလုပ်လာမယ်ဆိုရင် အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍကို ပြန်ပြီး စဥ်းစားရပါလိမ့်မယ်’’လို့ အလှည့်ကျ အာဆီယံဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအစနေ့ မိန့်ခွန်းမှာပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီရဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို (၄) ဦးကို မကွက်မျက်ဖို့ အာဆီယံဥက္ကဌကတောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ကွက်မျက်လိုက်မှုအပေါ် အာဆီယံအဖွဲ့ဝင်တွေက အကြီးအကျယ် စိတ်ပျက်နေကြတယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် အာဆီယံရဲ့ဘုံသဘောတူညီချက် (၅) ရပ်လုံးက အားလုံးဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း ထိထိရောက်ရောက်အရှေ့မတိုးနိုင်ခဲ့တာမျိုးမရှိပေမယ့် လူသားချင်းစာနာမှုအကူအညီနဲ့ ပတ်သက်ပြီး တိုးတက်မှုတချို့တော့ရှိခဲ့တယ်လို့ဆိုပါတယ်။
NUG အပါအဝင် နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းတချို့ကလည်း အာဆီယံရဲ့ အလုပ်မဖြစ်တဲ့ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်လည်သုံးသပ်ဖို့အတွက် ဇူလိုင်လကုန်ပိုင်းက NUG ဘက်က တရားဝင်ထုတ်ပြောလာခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကပ်ရောဂါဘေးနဲ့ ပြည်တွင်းအတည်ငြိမ်မှုတွေကြောင့် အာဆီယံဘုံသဘောတူညီချက်တွေကို ပြည့်ပြည့်ဝဝ အကောင်အထည်မဖော်နိုင်တာဆိုပြီး အာဏာသိမ်း တစ်နှစ်ခွဲပြည့် မိန့်ခွန်းမှာ ဝန်ခံထားပါတယ်။