
မတ်လ ၁၂ ၊နမ့်တော
တခြားသော ဒေသတွေထက် အခြေခံစားသောက်ကုန်စျေးနှုန်း ငါးဆနီးပါးမြင့်တက်နေတဲ့ ဟုမ္မလင်းမြို့နယ် နမ့်တောဒေသမှာ ကုန်စျေးနှုန်းတချို့ ကျဆင်းလာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ သရက်သီးက ရာသီပေါ်သီး တစ်ဆယ်သား ၄၀၀၀ ကျပ် ။ ခရမ်းချဉ်သီးတွေ ဈေးကျတယ်။ တစ်ပိဿာမှ ၂၅၀၀ တည်းပဲရှိတော့တယ်။ ကြက်သွန်ဖြူတော့ တစ်ပိဿာ ၁၂၀၀၀ ပဲရှိတယ်” လို့ ကုန်းစိမ်းဈေးသည်တစ်ဦးက ကျဆင်းလာနေတဲ့ကုန်စိမ်းဈေးနှုန်းအခြေအနေများကို ပြောပြပါတယ်။
ဟုမ္မလင်းမြို့နယ်ဟာ ကုန်းလမ်း၊ ရေလမ်းစတဲ့ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ခံရမှုနဲ့ ပြတ်တောက်မှုတွေကြောင့် ကုန်စျေးနှုန်းကြီးမြင့်နေတာ နှစ်နှစ်ကျော်လာခဲ့ပြီလည်းဖြစ်ပါတယ်။
အခုက နှစ်နှစ်အတွင်းပြန်လည်ကျဆင်းလာမှုဖြစ်သလို ကုန်စည်တင်တဲ့ အမြန်ရေယာဉ် ရာနှင့်ချီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ဝင်ရောက်ခဲ့တာကြောင့်လို့ပြောဆိုနေကြပါတယ်။
လက်ရှိသတင်းပတ်အတွင်းမှာ အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းတွေကျဆင်းလာတာဖြစ်ပြီး ဥစား ကြက်ဥဈေးနှုန်းက ကြက်ဥ တစ်လုံး ၇၀၀ ခန့် ရှိနေတာဖြစ်ပေမယ့် ငါးကြီး တစ်ပိဿာ တစ်သိန်းဝန်းကျင်မှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းက ကုန်စျေးနှုန်းတွေဟာ ဒေသတစ်ခုနဲ့တစ်ခုမတူညီပေမယ့်လည်း ကုန်စျေးနှုန်းကြီးမြှင့်မှုဒဏ်ကိုတော့ ဒေသခံတွေက ခံစားနေကြရတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ မြို့နယ်အတွင်း စားသောက်ကုန်စျေးနှုန်းများကျဆင်းနေပေမယ့် ဒေသတွင်း လိုအပ်ချက်များတဲ့ စက်သုံးဆီအပါအဝင် ဆောက်လုပ်ရေးသုံး သံနဲ့ ဘိလပ်မြေစျေးနှုန်းတွေဟာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ ပြီးခဲ့သည့်နှစ်က တစ်မြို့နယ်လုံးနီးပါး ချင်းတွင်းနှင့် ဥရုချောင်း ရေလွှမ်းနစ်မြှုပ်ထားမှုတွေကြောင့် စိုက်ပျိုးမြေနှင့် သီးနှံစိုက်ခင်းများ ပျက်စီးထားရကာ နွေရာသီမှာ ဒေသထွက်သီးနှံတွေ လိုအပ်ချက်များနိုင်တယ်လို့လည်း ပြောဆိုမှုတွေရှိနေပါတယ်။