
ဒီဇင်ဘာ ၂၇ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသ၊ အိုင်လေးတူကျေးရွာ ဒေသခံတစ်ဦးကို သေနတ်ကိုင်ထားသူနှစ်ဦးက ဒီဇင်ဘာလ (၂၆)ရက်နေ့ နေ့လည် (၂)နာရီအချိန်မှာ အကြောင်းမဲ့ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ မလင်းဒန်ကွင်းဘက်မှာလုပ်ခံရ ၊ အမည်မသိတဲ့ သေနတ်သမားလို့ပြောရမှာပေါ့လေ ၊ အန်းသူက သူ့ဖာသာသူနေတဲ့လူပါလေ” လို့ အိုင်လေးတူ ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လည်အချိန်မှာ လမ်းသွားနေချိန်မှာ ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့လည်း အိုင်လေးတူကျေးရွာသားတွေကဆိုကြပါတယ်။
“တကယ်ကိုမသိတာ အဲ့တာ တစ်ရွာလုံးအံ့ဩနေတာ။ ဒီဘက်မှာဆိုတော့ ဘာအလုပ်ရှိမလဲအေး လယ်လုပ်စားအခင်းလုပ်စားတာ အဲ့လိုပဲလေး။ အေးအဲ့တာ တစ်ရွာလုံးအံ့ဩနေတာ ဘယ်လိုဖြစ်သွားလဲအသိတော့ဘူး မောင်ရေး။ အနေ့တုန်းက (၁)နာရီခွဲ အချိန်လောက်တော့ရှိမယ်ထင်တယ် ” လို့ အိုင်လေးတူကျေးရွာသူ တစ်ဦးက ပြောပြပါတယ်။
အသတ်ခံရသူဟာ အသက်(၄၀) ကျော်အရွယ် ဦးခင်မောင်ဆန်းဖြစ်ပြီး နေအိမ်မှာ လယ်တောသို့သွားချိန် လမ်းပေါ်မှာပဲ အသတ်ခံခဲ့ရတာလို့ သိရပါတယ်။
အင်းတော်ကြီး အင်းမြှီးဒေသမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမဆုံးအကြိမ်က လွန်ခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာ ကုလားကုန်းအနီးမှာ ရှိတဲ့ လယ်တောတဲက အသက် ၈၂ နှစ်အရွယ် အဖိုးအိုတစ်ယောက် သတ်ဖြတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။