
ဇန်နဝါရီ ၁၄ ၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှာ KIAက ဒေသအတွင်းရှိ အမျိုးသားများကို သာမက အမျိုးသမီးများကိုပါ စုဆောင်းရေးဖမ်းဆီးနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
မနေ့က ဇန်နဝါရီလ(၁၃)ရက်နေ့ ည(၇)ခွဲ အချိန်မှာ အင်းတော်ကြီးအနောက်ကမ်းရှိ ညောင်ပင်ကျေးရွာက အသက်(၁၈)နှစ်အရွယ်
အမျိုးသမီး ၂ ဦးကို မော်တော်ကားပေါ် အတင်းအဓမ္မတင်ဆောင်သွားကြတယ်လို့ ကျေးရွာခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
“ညောင်ပင်မှာပေါ်တာဆွဲနေတာ မိန်းကလေးတွေပါသွားတာ ခုနတုန်းကမှ မမိုခမ်းဆိုင်ကကောင်မလေးရယ် အောင်အောင်(ဆန်းလိုက်)ဆီဆိုင်ကကောင်မလေးရယ် ကေအိုင်အေတွေဆွဲတာ ရွာထဲမှာကြီး ငယ်ငယ်လေးတွေ” ဟု အမည်မဖော်လိုသူ ညောင်ပင်ကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ အမျိုးသမီးတစ်ဦးက ညောင်ပင်ကျေးရွာအထွက်ရှိ ဝှေခါကျေးရွာသွားလမ်းပေါ်က ဆန်းလိုက်စက်သုံးဆီဆိုင်ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးက ရွာလမ်းမပေါ်ရှိ ဘီယာဆိုင်က ဆိုင်ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရပါတယ်။
အင်းတော်ကြီးဒေသထဲမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက အခုရက်သတ္တပတ်အတွင်း စုဆောင်းရေးဆွဲတာတွေ ခပ်စိပ်စိပ်ပြုလုပ်လာပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ( ၉)ရက်နေ့ကလည်း အနောက်ကမ်းကျေးရွာတွေရှိ ဒေသခံအမျိုးသား(၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။