အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာရှိ စျေးဆိုင်အားလုံးကို KIA ဆက်ကြေးကောက်

အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာအဝင် ဆိုင်းဘုတ်တစ်ခုကိုတွေ့ရစဉ်

စက်တင်ဘာ ၂၅ ၊ အင်းတော်ကြီး

အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာရှိ စျေးဆိုင်အားလုံးကို KIA က ဆက်ကြေးကောက်ခံခဲ့ကြောင်း ၎င်းတို့ထံမှသိရသည်။

“ သူတို့ခေါ်တဲ့နေရာကိုသွားပေးရတာ ၊ ဆိုင်အားလုံးပဲ” ဟု ဒေသခံတစ်ဦးကဆိုသည်။

ညောင်ပင်ကျေးရွာတွင် ယခင်က စျေးဆိုင်များကို KIA က ဆက်ကြေးကောက်ခံမှုမရှိဘဲ ရွှေမျှောလုပ်ကိုင်သူများ ၊ ဆန်စက်များ ၊ ထွန်စက်ပိုင်ရှင်များသာ ပေးရကြောင်း သိရသည်။

“ တဆိုင်နဲ့တစ်ဆိုင် မတူဘူး ၊ လမ်းဘေးဆိုင်တစ်ဆိုင်ဆို ရှစ်သောင်းပေးရတာ၊ ကုန်စုံဆိုင် ၊ ဆိုင်ကယ်ပြင်ဆိုင် အကုန်ပါတယ်၊ ဒီကာလအဆင်မပြေလည်း ကြောက်ရတော့ ပေးရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ညောင်ပင်ကျေးရွာသည် အင်းတော်ကြီး – ဝှေခါ – ဖားကန့် လမ်းပေါ်တွင် ရှိပြီး ခရီးသွားများ တစ်ထောက်နားရသည့် ကျေးရွာတစ်ခုလည်းဖြစ်သည်။

ထိုစျေးဆိုင်များအားလုံးသည်လည်း ကိုဗစ်ဖြစ်ကတည်းက ခရီးသွားလာမှုနည်းပြီး ရောင်းအားလျှော့ကျနေမှုများနှင့် ရင်ဆိုင်နေကြရသည်။

အင်းတော်ကြီးဒေသရှိ ညောင်ပင်ကျေးရွာတွင်သာ ပထမဦးဆုံးဆက်ကြေးပေးရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အင်းတော်ကြီးညောင်ပင်ကျေးရွာသည် ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်ပြီး လယ်ယာလုပ်ငန်း ၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ကြပြီး ယခင်ကတည်းက ခရီးသွားလာမှုအတွက် အရေးပါသည့်ကျေးရွာတစ်ခုလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *