အင်းတော်ကြီးဒေသ တုံပင်၊မိုင်းပုတ်ကျေးရွာများမှ ကျေးရွာသားများကို KIA စုဆောင်းရေးဆွဲ

ဇန်နဝါရီ ၁၇ ၊ အင်းတော်ကြီး

အင်းတော်ကြီးဒေသက တုံပင်၊ မိုင်းပုတ်ကျေးရွာများမှ ဒေသခံများကို KIA က စစ်သားစုဆောင်းရေးဆွဲနေလို့ အခက်အခဲကြုံနေကြရတယ်လို့ ဒေသခံတွေက ရှမ်းနီအသံကို ပြောဆိုပါတယ်။

“ အခု ရွာသူ ရွာသား တွေ ကို ခရီးထွက်ခွင့် မပေးဘူး။ ကျောက်ဖျာ တောင်ခြေ နားမှာ စခန်း ချပြီး မှတ်ပုံ တင် စစ်တယ်၊ တုံပင် မိုင်းပုတ် သားဆိုရင် သူတို့ သတ်မှတ်တဲ့ အသက်အရွယ် အစားဆိုရင် တစ်ခါတည်းဆွဲသွားတယ်”​ လို့ အဝေးရောက်နေတဲ့ မိုင်းပုတ်ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။

ဇန်နဝါရီလ (၁၇) ရက်နေ့မှာ တုံပင်၊ မိုင်းပုတ်ကျေးရွာကို စပါးသွားဝယ်သူ (၇) ဦးနှင့် အသက် (၂၀) အရွယ် မိုင်းပုတ်ကျေးရွာသူ တစ်ဦး စုဆောင်းရေးဆွဲခံခဲ့ရတာဖြစ်တယ်လို့ အင်းတော်ကြီးဒေသခံတွေက ပြောဆိုကြပါတယ်။

KIA တပ်ရင်း ၂၆ က တုံပင်နှင့် မိုင်းပုတ်ကျေးရွာမှ လူသစ် တစ်ရွာ ၂၀ ဦးတောင်းခံထားတာဖြစ်ကြောင်း ရွာသားများထံမှ သိရပါတယ်။

တုံပင်၊မိုင်းပုတ်အပြင် အင်းတော်ကြီးအနောက်ကမ်းရှိ ကျေးရွာတချို့ကိုလည်း KIA က စစ်သားစုဆောင်းရေးအတွက် လူတောင်းခံထားကြောင်း အုပ်ချုပ်ရေးမှူးများထံကနေ သိရှိရပါတယ်။

“ မိုင်းပုတ်ရွာကို ရွာသား ၁ဝ ဦး၊ တုံပင် ရွာကို ရွာသား ၂ဝ ဦး တောင်း ပါတယ်။ ရွာသား တွေက မပေးလို့ ဝင်ဖမ်းတာ” လို့ နောက်ထပ် ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

အင်းတော်ကြီး တုံပင်၊ မိုင်းပုတ်ကျေးရွာအနီးဝန်းကျင်မှာ KIA တပ်ရင်း ၂၆ နှင့် ဒေသကာကွယ်ရေးတပ် တချို့လှုပ်ရှားတဲ့ နယ်မြေလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *