ဒီဇင်ဘာ ၁၆ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ နှင့် မမုန်ကိုင်ကျေးရွာ ကြားရှိ ဘုရားကုန်း ပရဝုဏ်အနီးတွင် စစ်ကားတစ်စီး ယနေ့ မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
“ ဘာမှတော့မဖြစ်ဘူး ။ တစ်မိနစ် နစ်မိနစ်လေး ကွဲတာနဲ့ ဒီကအပစ် ဖောင်းဖောင်းဖောင်း ဆို ပြီးသွားပြီ စစ်ကားက ပစ်တာ ၊ ရွာထဲတော့ သွားနေလာနေကြတာ ရိုးသွားပြီလေ ငါတို့တွေက “ ဟု မိုင်းနောင်ဒေသခံ တစ်ဦးက ပြောသည်။
မိုင်းခွဲတိုက်ခိုက်မှုကို ကချင်ပြည်နယ်ပူးပေါင်း PDF ( အင်းတော်ကြီး) က သူတို့ရဲ့ လက်ချက်ဖြစ်တဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားထားပါတယ်။
မိုင်းခွဲမှုနဲ့ ပစ်ခတ်မှုတွေကြောင့် အနီးနားရှိ နေအိမ်ကို သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးတစ်ခု ပျက်စီးခဲ့ပြီး တခြားပျက်စီးမှုတွေမရှိကြောင်း ဒေသခံများထံမှ သိရသည်။