အင်းတော်ကြီး-ဖားကန့်ဝှေခါလမ်းပိုင်းကိုစစ်ကောင်စီတပ်များကမကြာခနအပိတ်အဖွင့်ပြုလုပ်နေ 

ဇူလိုင်၁၉ဖားကန့် 

  ဖားကန့်မြို့နယ်ကိုသွားတဲ့ အင်းတော်ကြီး-ဖားကန့် ဝှေခါလမ်းပိုင်း  ဝင်ခွင့်ထွက်ခွင့်တွေကို စစ်ကောင်စီတပ်ဖွဲ့များက မကြာခဏ လမ်းပိုင်းအပိတ်အဖွင့်ပြုလုပ်နေတယ်လို့  ဖြတ်သန်းနေသူများထံမှ သိရပါတယ်။

  “ မနေ့ကတော့ မပိတ်ဘူး ဒီနေ့ကတော့ပိတ်ထားတယ် ဒီနေ့သွားတာလာတာမမြင်ဘူး တစ်နေ့ကရယ် မနေ့ကရရယ် နှစ်ရက်ဖွင့်တယ်ပြောတယ် ဒီလမ်းပိတ်ထားတဲ့ကြားထဲ တစ်ခါတစ်လေဖွင့်တယ် ဖွင့်တယ်ဆိုတာကလည်း တောက်လျှောက်ဖွင့်တာမဟုတ်ဘူး ကားတွေပိတ်ထားတယ်ဆို များပြီဆိုမှ ဖွင့်ထွက်ခိုင်းတယ်  နောက်ပြန်ပိတ်ထားတယ် အဲ့လို” ဟု ညောင်ပင်ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။

  အဓိကအားဖြင့် စက်သုံးဆီတင်ယာဉ်များနှင့် ဆန်တင်ယာဉ်တွေကို ကန့်သတ်ထိန်းချုပ်နေတာဖြစ်ပြီး ဆန်နှင့်စက်သုံးဆီ သယ်ယူတင်ဆောင်သော မော်တော်ဆိုင်ကယ်မှစ၍ မည်သည့်ယာဉ်မျိုးမဆို ကန့်သတ်ထားတာလည်း ဖြစ်ပါတယ်။

“ ဆီနှင့်ဆန်ပဲ မဝင်ရတာ ကျန်တာဝင်လို့ရတယ်  အဓိကကတော့ဆီပေါ့ အသားတွေငါးတွေ ပုံမှန်တက်နေတဲ့ဟာဆို ဝင်လို့ရတယ်” ဟု စက်သုံးဆီနှင့်ဆန်မှအပ တစ်ခြားသော အသုံးအဆောင်၊ စားသုံးကုန်များကို  စစ်ဆေးခြင်းပိတ်ပင်ခြင်းမရှိကြောင်း ဆိုပါတယ်။

ဖားကန့်မြို့နယ်သို့ ဝင်ထွက်သွားလာခွင့်ကို စတင်ကန့်သတ်ထားပြီးကတည်းက ယခုလို ပြုလုပ်နေတာဖြစ်တယ်ဟု ဒေသခံများက ပြောဆိုနေကြပါတယ်။

 အင်းတော်ကြီး-ဖားကန့်လမ်းပိုင်းကို ၂၀၂၃ နှစ်စ ဇန်နဝါရီလကနေ စတင်ဝင်ရောက်ခွင့်ပိတ်ခဲ့တာကြောင့် ယခုလိုဖြစ်ပွားနေတာ ၇ လနီးပါးရှိခဲ့ပြီလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *