အင်းတော်မြို့နယ်ရှိမဲဇာဈေးနှင့်မော်လူးဈေးတို့မှာရောင်းဝယ်ချိန်အတွက် NUG မြို့နယ်အုပ်ချုပ်ရေးအဖွဲ့သတ်မှတ်

 အောက်တိုဘာ ၁၉ ၊ မော်လူး 

အင်းတော်မြို့နယ်အတွင်း NUG စိုးမိုးနယ်မြေဖြစ်တဲ့ မဲဇာဈေးနှင့် မော်လူးဈေးတို့ကို အောက်တိုဘာလ ၁၈ ရက်နေ့ကစပြီး သတ်မှတ်အချိန်အတွင်း အရောင်းအဝယ်ပြုလုပ်ဖို့  အောက်တိုဘာလ (၁၈)  ရက်နေ့မှာ NUG ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)  က ထုတ်ပြန်ပါတယ်။ 

မဲဇာဈေးနှင့် မော်လူးဈေးတို့ကို  မနက်(၅)နာရီမှာ စတင်ဖွင့်လှစ်ရောင်းချဖို့နဲ့  မြို့ရွာတွင်းမှာရှိတဲ့ အိမ်ဆိုင်၊ စားသောက်ဆိုင်များကို ည(၈)နာရီ မတိုင်ခင် ပိတ်သိမ်းကြဖို့ အသိပေးထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

ယခုလို အသိပေးထုတ်ပြန်ရတာဟာ  အင်းတော်မြို့နယ်ထဲက NUG စိုးမိုးနယ်မြေအတွင်း စစ်ကောင်စီ၏ ပျူ(ပြည်သူ့စစ်)များ စိမ့်ဝင်ပြီး NUG ၏ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများကို ထောက်လှမ်းနေတဲ့ အတွက် လုံခြုံရေးအရ အသိပေးထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။

“ လာဆော်ဩတာတွေမရှိပါဘူး။ လောလောဆယ်တော့ ဘာမှမရှိဘူး” လို့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးမေးမြန်းမှုကို NUG စိုးမိုးနယ်မြေအတွင်းနေသူ အမျိုးသားတစ်ဦးက  ပြောပါတယ်။

မြို့နယ် ပအဖ ရဲ့ကြေငြာချက်ကို ပူးပေါင်းပါဝင်ပေးကြဖို့နှင့် လိုက်နာမှုမရှိရင် ဒဏ်ကြေးပေးဆောင်တာနဲ့   အရေးယူတာတွေ ပြုလုပ်သွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

မော်လူးတိုက်နယ်ထဲက မော်လူးစျေးက မန္တလေး-မြစ်ကြီးနားလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ စျေးတစ်ခုလည်းဖြစ်ပြီး စစ်ကောင်စီကလည်း အင်းတော်မြို့နယ်တစ်ခုလုံးကို မနက် (၆)နာရီ ည (၆) နာရီ  စစ်အုပ်ချုပ်ရေးအမိန့် မာရှယ်လောထုတ်ပြန်ထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *