စက်တင်ဘာ ၁၆ ၊ အင်းလေး
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ကျေးရွာ ၁၇၀ ကျော် ရေနစ်မြှုပ်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ရှမ်းနီအသံကိုပြောပါတယ်။
“ စကားမြို့ဟောင်း ရေကြီးတယ်။ ကျောက်တိုင်း၊ နန်းပန်၊ ပုန်.မူ အများကြီးပဲအရမ်းဒုက္ခရောက်နေကြတယ် ခု အင်းလေးဒေ တောင်ပိုင်း မြောက်ပိုင်း အလွန်ဒုက္ခရောက်နေတယ်၊ စုပေါင်းပြီး ကူညီနိုင် လှူနိုင်ရင်တော့ ကျေးဇူးတင်ပါတယ်”လို့ အင်းလေးဒေသခံတစ်ဦးက ပြောပါတယ်။
အင်းလေးကန်အတွင်းရှိ ရေပေါ်ကျေးရွာတွေအပါအဝင် ကန်ရေပြင်အနီးမှာရှိတဲ့ကျေးရွာတွေဟာ ရေနစ်မြှုပ်နေတာလည်းဖြစ်ပါတယ်။
စက်တင်ဘာလ ၁၀ ရက်နောက်ပိုင်း ရေကြီးမှုတွေကြောင့် အင်းလေးဒေသခံ သောင်းနှင့်ချီကလည်း ရေဘေးဒုက္ခနဲ့ ကြုံရတာပါ။
“ အခုက လိုင်းကလည်းမကောင်းဘူး၊ စားဖို့သောက်ဖို့ ငွေလေးထုတ်ဖို့တောင် တော်တော်လေးရှားတယ်ပေါ့လေ၊ ရေသောက်ဖို့တောင်မရှိဘူးလေ၊ စားဖို့သောက်ဖို့ ပိုအရေးကြီးနေတယ် ၊ ရေကြီးတော့ ချက်ချင်းရုတ်တရက်ဆိုတော့ ဘာမှ ပါမလာဘူး၊ ရေထဲမှာ အကြာကြီးနေနေရတဲ့သူတွေလည်းရှိတော့ နာစေးတာ ချောင်းဆိုးတာတွေ အဲ့လိုဖြစ်ကြတာလည်းရှိတယ် ” လို့ နောက်ထပ် ဒေသခံရှမ်းလူငယ်တစ်ဦးက ပြောပါတယ်။
လက်ရှိရေကြီးမှုဟာ အင်းလေးဒေသအတွက် နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံးဖြစ်ပြီး အင်းလေးရေပေါ်ကျေးရွာက အိမ်တွေ ၊ စိုက်ခင်းတွေ နဲ့ လက်မှုလုပ်ငန်းစက်ရုံတွေ ရေနစ်မြှုပ်နေတာလည်းဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် ရေစီးဝင်ရောက်မှု ပိုမိုများပြားလာခဲ့ကာ ကျေးရွာအမျာပြား နစ်မြှုပ်သွားခဲ့ရတာလဲဖြစ်ပြီး ကန်ရေ ပြန်ကျသွားဖို့ နှစ်လ ၊ သုံးလ ထက်ပိုကြာနိုင်ဖွယ်ရှိတယ်လို့လဲ သုံးသပ်မှုတွေ ရှိနေပါတယ်။
ယခင်က အင်းလေးကန်တွင်း ရေဝင်ပေါက် ၂၉ ပေါက်ရှိနေခဲ့ပြီး ၎င်းထဲမှ နွေ၊မိုး၊ဆောင်း နှစ်ပတ်လည် အဓိက ရေဝင်ချောင်း (၃)ခုသာရှိခဲ့ပါတယ်။
ယခုအခါ ရေဝင်ပေါက်(၂၉)ခုလုံး တစ်ညီတည်းဝင်ရောက်နေသည့်အတွက် ရေဝင်အားကောင်းနေပြီး ရေထွက်ပေါက်က မိုးဗြဲရေကာတာမှတစ်ဆင့် နမ့်ပီလူးခေါ် ဘီလူးချောင်းသို့စီးဆင်းကာ ကရင်နီ(ကယား) ပြည်နယ်တွင်းသို့ စီးဆင်းတဲ့ထွက်ပေါက် တစ်ခုတည်းသာ ရှိနေတာကြောင့် ကန်ရေ ပြန်ကျသွားဖို့ ကြံ့ကြာတာလဲပဲဖြစ်ပါတယ်။
ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ကျေးရွာအုပ်စု (၃၅)အုပ်စုရှိပြီး၊ ကျေးရွာ (၄၄၅)ရွာ နှင့် အိမ်ခြေစုစုပေါင်း ၃၈၄၃၈ စု ရှိပြီး ၎င်းထဲမှ ရွာပေါင်း ၁၇၇ ရွာထက်မနည်း ရေနစ်မြုပ်နေကာ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူညီများ လိုအပ်နေပါတယ်။