မေ၂၅၊ရန်ကုန်
အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ဇူလိုင်လ ကနေ ၂၀၂၂ ခုနှစ် မေလအထိ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ လူတစ်ရာ့ရှစ်ဆယ်ကျော်ရှိတယ်လို့ NUG က မေလ ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
အစုလိုက်အပြုံလိုက်သတ်ခံရမှုတွေက စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ ချင်းပြည်နယ် နဲ့ ကယားပြည်နယ်တွေမှာဖြစ်ပွားခဲ့တယ်လို့လည်းဆိုပါတယ်။
သတ်ဖြတ်ခံရမှုတွေက အမျိုးသမီး ၊ ကလေးငယ်တွေလည်းပါဝင်ပြီး တချို့က မီးရှို့သတ်ဖြတ်ခံခဲ့ရသလို တချို့က ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် သတ်ဖြတ်ခဲ့တာလို့ ပြောပါတယ်။
သတ်ဖြတ်ခံရမှုအများဆုံးက စစ်ကိုင်းတိုင်းထဲက ကနီမြို့နယ် မှာဖြစ်ပွားခဲ့ပြီး တစ်လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူ ၅၄ ဦးအထိရှိနေတာလည်းဖြစ်ပါတယ်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ပုံသဏ္ဍန်တွေက လက်နက်မဲဲ့ အကာအကွယ်မဲ့သူတွေကို အမြောက်အများသတ်ဖြတ်တာ ၊ တစ်နေရာတည်း ဒေသတစ်ခုတည်းအတွင်းမှာကျူးလွန်တာ တွေ သတ်ဖြတ်ခံရတဲ့ ပုံစံ ၊ ဖျောက်ဖျက်ပျက်စီးမြှုပ်နှံထားတာတွေလို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကပြောပါတယ်။
ဒီလိုသတ်ဖြတ်မှုတွေကိုလည်း စစ်ကောင်စီတပ်တွေက ကျူးလွန်တာဖြစ်ပြီး လက်ရောက်ကျူးလွန်သူတွေ၊ ကျူးလွန်ဖို့ စေခိုင်းသူတွေကို ပြစ်ဒဏ်ပေးဖို့ တိကျတဲ့ အချက်အလက်တွေရရှိထားပြီး ဒီလိုကျူးလွန်သူတွေကို ပြစ်ဒဏ်ချမှတ်နိုင်ရေးကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။
လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက ICJ တရားရုံးမှာ တရားစွဲခံထားရသလို ၊ အမေရိကန်က မြန်မာစစ်တပ်ကို လူမျိုးသုဉ်းသတ်ဖြတ်တယ်လို့လည်း ဖေဖော်ဝါရီလထဲမှာ သတ်မှတ်ကြေညာထားပါတယ်။