


အမေရိကန် ၊ အစ္စရေး နဲ့ အီရန် တို့အကြား ပြီးခဲ့တဲ့ စနေနေ့က စတင်ခဲ့တဲ့ စစ်ပွဲက ရက်သတ္တပတ်ကြာမြင့်လာခဲ့ပြီး အီရန် နဲ့ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေမှာ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
Operation Epic Fury လို့နာမည်ပေးထားတဲ့ ဝါရှင်တန်နဲ့ တဲလ်အဗစ်တို့ရဲ့ စစ်ဆင်ရေးမှာ အီရန်စစ်တပ်ကို အထိနာခဲ့စေတယ်လို့ ဆိုပေမယ့် အီရန်က ပင်လယ်ကွေ့တစ်လွှား ဒုံးကျည်ရော ဒရုန်းတွေနဲ့ပါ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
တစ်ပတ်တာတိုက်ခိုက်မှုအတွင််းမှာ အီရန်မှာ လူပေါင်း (၁၂၃၀) သေဆုံးထားပြီး အဲ့ဒီထဲမှာ အမြင့်ဆုံးခေါင်းဆောင် ခါမေနီ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ဆယ်နဲ့ချီလည်း သေဆုံးခဲ့ပါတယ်။
Center for Strategic and International Studies (CSIS) မှ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ ခန့်မှန်းချက်များအရ Operation Epic Furyရဲ့ ပထမ ၁၀ နာရီအတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၃.၇ ဘီလီယံ သို့မဟုတ် တစ်နေ့လျှင် ဒေါ်လာ ၈၉၁ သန်းခန့် ရှိနေတယ်လို့ဆိုပါတယ်။
အမေရိကန်က အီရန်နိုင်ငံကို မြေပြင်တပ်တွေစေလွှတ်ဖို့ ပြင်ဆင်မှုတွေရှိနေကြောင်းသတင်းတွေပေါ်ထွက်လာနေတာလည်းဖြစ်ပါတယ်။
စစ်ပွဲအတွင်း အရှေ့အလယ်ပိုင်းဒေသရဲ့အခြေအနေတွေကို ပြန်လည်ကြည့်မယ်ဆိုရင်လည်း ကူဝိတ်၊ ဘာရိမ်း ၊ ကာတာ ၊ ယူအေအီး စတဲ့နိုင်ငံတွေမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေဟာတိုက်ခိုက်နေရတာလည်းဖြစ်ပါတယ်။
ယူအေအီးက သူတို့ရဲ့ လေကြောင်းကာကွယ်ရေးဟာ အီရန်ဒုံးကျည်များစွာနဲ့ ဒရုန်း ၁၂၀ ကျော်ကို ကြားဖြတ်နိုင်ခဲ့ပါတယ်လို့ ဆိုထားပါတယ်။
ကာတာမြို့တော် (ဒိုဟာ)မှာလည်း ကျယ်လောင်တဲ့ ပေါက်ကွဲသံများ ကြားရပြီးနောက် ကြာသပတေးနေ့မှ အီရန်ဒုံးကျည်များနဲ့ ဒရုန်းများရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။
စစ်ပွဲဟာ အရှေ့အလယ်ပိုင်းဒေသတင်မကဘဲ အစ္စရေးနိုင်ငံ တဲလ်အဗစ်ကိုလည်း တိုက်ခိုက်ခဲ့သလို မြို့ဟောင်း ဂျေရုစလင်မြို့မှာလည်း ဘုရားရှိခိုးကျောင်းနဲ့ အုပ်ချုပ်ရေးတွေပိတ်ပြီး အရေးပေါ်အခြေအနေကြေညာထားပါတယ်။
တိုက်ပွဲရဲ့ နောက်ဆက်တွဲအနေနဲ့ အီရတ် ၊အီဂျစ် နဲ့ လက်ဘနွမ်ဒေသတွေ စစ်ပွဲရိုက်ခတ်မှုတွေရှိပြီးတော့ ဒရုန်းတွေနဲ့ လေဆိပ်တွေတိုက်ခိုက်ခံရတာတွေလည်းဖြစ်ပေါ်လာနေပါတယ်။
တိုက်ပွဲတွေကြောင့် သေဆုံးသူစာရင်းအရ အမေရိကန် စစ်တပ်မှာ (၆) ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၁၈) ဦးသာရှိပြီး အီရန်ကတော့ လူထောင်ကျော်သေဆုံးပြီး ရာနှင့်ချီဒဏ်ရာရရှိထားပါတယ်။
