

ဇန်နဝါရီ ၂၉ ၊ နေပြည်တော်
နိုင်ငံအတွင်းမှာ အမျိုးသမီးစစ်မှုထမ်းခေါ်ဖို့ စာရင်းကောက်ယူခြင်း မရှိသေးဘူးလို့ စစ်ကောင်စီက မနေ့က ဇန်နဝါရီလ(၂၈)ရက်နေ့မှာ ပြန်လည်တုံ့ပြန်ပြောဆိုလာပါတယ်။
ပြည်တွင်းက သတင်းမီဒီယာများဖော်ပြပြောဆိုနေတဲ့ ပြည်သူ့စစ်မှုထမ်းဆောင်ဖို့ အသက်အရွယ်အကျုံးဝင်တဲ့ အမျိုးသမီးတွေကို စာရင်းကောက်ခံမှုပြုလုပ်နေတယ်ဆိုတာ ကောလဟာလသတင်းတွေသာဖြစ်ပြီး မဟုတ်မှန်ကြောင်း ဆိုပါတယ်။
ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ကလည်း စာရင်းကောက်ခံခြင်းမရှိသေးသလို အမျိုးသမီးတွေကို လတ်တလောခေါ်ယူခြင်းမပြုလုပ်သေးကြောင်း တုံ့ပြန်လာတာပါ။
ရန်ကုန်တိုင်းက မြို့နယ်အချို့တွေမှာတော့ ဒီရက်ပိုင်းတွေမှာ စစ်မှုထမ်းဥပဒေရဲ့ အသက်အရွယ်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အမျိုးသမီးတွေကို ဒေသအာဏာပိုင်တွေက စာရင်းပြုစုနေတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။
စစ်ကောင်စီအသက်သွင်းထားတဲ့ စစ်မှုထမ်းဥပဒေမှာတော့ အမျိုးသမီး(၁၈)နှစ်ကနေ (၂၇)နှစ်ထိသတ်မှတ်ထားပြီး စစ်မှုထမ်းအပတ်စဉ်(၅)ကနေ စတင်ခေါ်ဆောင်သွားမယ်လို့ ယခင်က ထုတ်ပြန်ထားတာပါ။
လက်ရှိမှာ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၉)ရောက်ရှိလာတဲ့အချိန်ထိ အမျိုးသမီးသင်တန်းသူတွေကို ခေါ်ယူနေခြင်းမရှိသေးပါဘူး။
ပြည်တွင်းက ဒေသအချို့(ဒါမှမဟုတ်) နိုင်ငံတစ်ဝန်းမှာ နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးအတွက် အရေးပေါ်အခြေအနေပေါ်ပေါက်ခဲ့ရင် စစ်မှုထမ်းဆောင်ရန် အရွယ်ရောက်ရှိသူအားလုံး စစ်မှုထမ်းဆောင်ကြရမယ်လို့ ၂၀၂၅ ယခုလဇန်နဝါရီ(၂၃)ရက်နေ့မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများကို ထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ နည်းဥပဒေထုတ်ပြန်ပြီးနောက် လူငယ်တွေနိုင်ငံထဲကနေ ထွက်ခွာခွင့် ပိုမိုတင်းကြပ်လာနေတာလည်းဖြစ်ပါတယ်။