အမျိုးသမီးများကို စစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဟုဆို

အမျိုးသမီးဗိုလ်လောင်း သင်တန်းဆင်းအခန်းအနားတစ်ခုကိုတွေ့ရစဉ် Photo_Credit

ဖေဖော်ဝါရီ ၂၁ ၊ နေပြည်တော် 

ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ အမျိုးသမီးတွေကို လတ်တလော ခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ 

“ ကျနော့်အနေနဲ့ ရှင်းလင်းစွာပြောကြားလိုတာကတော့  ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခေါ်ဆောင်ရာမှာ  အမျိုးသမီးတွေကို လတ်တလော ခေါ်ယူဖို့ အစီစဉ်မရှိသေးကြောင်း ရှင်းလင်းစွာပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။ 

ဖေဖော်ဝါရီလ (၁၀) ရက်နေ့က အာဏာတည်ကြောင်း အတည်ပြု ပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အမျိုးသားများကို ဦးစားပေးခေါ်ဆောင်သွားမှာလဲဖြစ်ပြီး လူဦးရေ ၆ သောင်းကို ခေါ်ယူဖို့ ရှိတယ်လို့ ဆိုပါတယ်။ 

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူ   အမျိုးသားဦးရေ ၆ သန်းကျော်ထဲက ၁ ရာခိုင်နှုန်းဖြစ်တဲ့   ၆ သောင်းကျော်ကိုသာ အလှည့်ကျ ခေါ်ဆောင်သွားမှာဖြစ်တယ်လို့ သူက ဆက်ပြောထားပါတယ်။ 

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ  ပြည်သူ့စစ်မှုထမ်းဥပဒေအတွင်းမှာ အမျိုးသား ၆.၃ သန်း၊ အမျိုးသမီး ၇.၇ သန်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက  နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ပြီးတဲ့သူတွေကို ဦးစားပေးအလိုက် ဝန်ထမ်းခန့်အပ်တာတွေ ဦးစားပေးအလိုက် အလုပ်ခန့်အပ်ထားတာတွေ  ရှိလာမှာဖြစ်ကြောင်းလဲ ဆိုထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်ပြီးတဲ့နောက် လူငယ်များက နိုင်ငံရပ်ခြားမှာ တိမ်းရှောင်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး အိမ်နီးချင်းနိိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို တိမ်းရှောင်ဖို့ ပြင်ဆင်မှုတွေ ဆက်တိုက်ရှိနေတာလည်းဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ကလည်း တရားဝင်လာရောက်မည့်သူတွေကို ကြိုဆိုမှာဖြစ်ပြီး တရားမဝင် ဝင်ရောက်လာသူတွေကို အရေးယူသွားမယ်လို့ မနေ့က ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *