
ဖေဖော်ဝါရီ ၂၅ ၊ ဝိုင်းမော်
ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာမှာ အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ နောင်တာလောကျေးရွာအနီး အုတ်ဖုတ်လုပ်ငန်းခွင်တွင်ကျန်ရစ်နေတဲ့ ကလေးငယ်ကို အုတ်ဖုတ်သမားထဲက စိုးလင်းဆိုသူက ကလေးငယ်ကို အဓ္ဓမပြုကျင့်ပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ အုတ်လာဖုတ်တဲ့ အုတ်သမားရဲ့ ကလေးလေးပေါ့ သူ့အဖေက မနက်အစောကြီး ငါးနာရီကျော်ကျော်လောက်ကို အုတ်သွားချမယ်ပေါ့ ၊ ကလေးလေးက လိုက်လာတော့ နင်နေနေခဲ့အုံး၊ ငါပြန်လာမှ မုန့်ဝယ်ခဲ့မယ်ဆိုပြီး အဲ့လိုထားထားခဲ့တာ၊ သူ့အဖေက အုတ်သွားချပြီးပြန်လာတော့ ကလေးကမတွေ့တော့ဘူးလို့ပြောတယ်။ သူပြန်လာတဲ့အချိန်က မတွေ့တော့တာ ။ ညနေ ၃ နာရီခွဲ ၄ နာရီမှ ပြန်တွေ့တာ” လို့ နောင်တာလော ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်ရဲ့အလောင်းကိုလည်း နောင်တာလောကျေးရွာအနီး သိမ်ကြီးစုချောင်းရိုးအနီးခြုံထဲမှာ အဝတ်ပလာနဲရှာဖွေတွေ့ရှိခဲ့တာလို့ လူမှုကူညီရေးအသင်းက ဆိုပါတယ်။
ပြစ်မှုကျူးလွန်တဲ့ စိုးလင်းကို ဝိုင်းမော်မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ( မုဒိန်းမှု ) ၊ ပုဒ်မ ၃၀၂ (လူသတ်မှု) တွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။