အာဏာပိုင်မစိုးရနဲ့ မအာဏာပိုင်အစိုးရ

ကျွန်တော်တို့ရှမ်းနီတိုင်းရင်းသားလူမျိုးများရဲ့ တန်းတူအခွင့်အရေးအခြေအနေကမဖြစ်နိုင်ဘူးလား။ ကျွန်တော်တို့ ရှမ်းနီလူမျိုးများအတွက် ဘယ်အချက်တွေ၊ဘယ်လိုအခြေအနေတွေက ခက်ခဲစေပါသလဲ။

ညီညွတ်မျှတတဲ့ ပြည်ထောင်စုအသိုက်အဝန်းတစ်ခုတည်ဆောက်တဲ့အခါ မတူကွဲပြားတဲ့ တွေးခေါ်မှုတွေကို နားလည်ပေးနိုင်စွမ်းက ခရီးရောက်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်မယ်လို့ ယူဆတယ်။

ဘယ်လောက်ထိ နားလည်ပေးကြမလဲဆိုတဲ့အချက်ပေါ်မူတည်ပြီး အပေးအယူမျှတမှုဟာ သက်ဆိုင်ရာ တိုင်းရင်းသားများ၊အဖွဲ့အစည်းများရဲ့ စေတနာတွေကို မြင်တွေ့ကြရမယ်ထင်ပါတယ်။

ရှမ်းနီအမျိုးသားများရဲ့ ပြည်ထောင်စုကြီးတစ်ခုလုံးအပေါ် ထားရှိတဲ့ အခြေခံစိတ်ဓာတ်ဟာ ဒို့တာဝန်အရေးသုံးပါးအပေါ် အများနည်းတူ လေးနက်စွာတန်ဘိုးထားနိုင်ကောင်းပါရဲ့။

ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားတန်းတူအခွင်းအရေးဟာ တောင်းဆိုနေရမှာထက် ဥပဒေလမ်းကြောင်းအရ အလိုအလျောက် ရရှိပြီးသားဖြစ်နေရမယ်လို့ယုံကြည်ပါတယ်။

မူလရပိုင်ခွင့် အခွင့်အရေးဆိုတာကို လွဲမှားစွာအနက်အဓိပ္ပါယ် ဖွင့်ဆိုကြတဲ့သူတွေနဲ့ မျက်နှာကြီးရာဟင်းဖတ်ပါဆိုတဲ့ စကားဟာ ပကတိအခြေအနေကိုရော သမိုင်းကိုပါ ရက်စက်စွာ မျက်ကွယ်ပြုကြသူတွေပါ။

သမိုင်းကြောင်းဖြစ်တည်မှုအရ ပြည်ထောင်စုမြန်မာနိုင်ငံဟု မပေါ်ပေါက်မီကတည်းမှလည်းကောင်း၊ ဖြစ်ထွန်းပေါ်ပေါက်ရန် အားထုတ်ကြစဉ်လည်းကောင်း ရှမ်းနီအမျိုးသားများရဲ့ အခန်းကဏ္ဍဟာ မေ့လျော့ချန်ရစ်ထားခဲ့တဲ့ ခေတ်အဆက်ဆက် ပြည်ထောင်စုဖွဲ့စည်းပုံကို ဒီနေ့ပြင်သင့်ပါပြီ။

သမိုင်းမှာ ပြည်ထောင်စုကို မှားယွင်းစွာ တည်ဆောက်ခဲ့တဲ့ ဖြစ်ရပ်များကို အစရှာမြေလှန်ဖို့အစီအစဉ်မရှိပေမဲ့ မှန်ကန်တဲ့သမိုင်းခြေရာများကိုတော့ လောကကြီးတစ်ခုလုံးသိအောင်တော့ ရှင်းပြရမှာပါ။

တစ်ချိန်မှာ ရှင်းမရတဲ့ သမိုင်းအရှုပ်တော်ပုံကြီး ဖြစ်နိုင်မှန်းသိပါလျက်နဲ့ ပြည်ထောင်စုလိမ်ကို ဇွတ်အတင်းတည်ဆောက်ခဲ့ကြတဲ့ တစ်ချိန်က အာဏာပိုင်အစိုးရမင်းများရဲ့ အတွေးအခေါ်ဟာ ဒီနေ့အစိုးရသူများကို လူမျိုးသုဉ်းကွယ်ပျောက်ရေး လျှို့ဝှက်စီမံချက်တွေ ရေးဆွဲပြဌာန်းပေးလိုက်သလိုပါဘဲ။

ဒီနိုင်ငံကိုဘယ်သူတွေ ဘယ်လိုတည်ဆောက်ခဲ့ကြတယ်ဆိုတာ အာဏာရအစိုးရမင်းတိုင်းက ကိုယ့်ငါးချဉ်ကိုယ်ချဉ်ချည်းပြောကြမှာပါ။

လူမျိုးတစ်မျိုးချင်းစီရဲ့ စာပေ၊ယဉ်ကျေးမှုတွေ၊သမိုင်းခြေရာတွေကို ဘယ်လိုတစ်စစီဖြေးဖြေးချင်း ဖျက်ဆီးခဲ့တယ်၊ မြို့ပျောက်၊ရွာပျောက်၊လူမျိုးသုန်းပျောက်ကွယ်ရေးကို ဘယ်လိုစီမံချက်တွေနဲ့ လုပ်မှန်းမသိအောင် ထူးထွေဆန်းပြားတဲ့ဝေါဟာရတွေနဲ့ မှိုင်းတိုက်ခဲ့ပါတယ်လို့ ဝန်ခံပြောဆိုကြမဲ့ အာဏာပိုင်ဆိုင်သော အစိုးရဆိုသူများတွေ့ရှိနိုင်ကောင်းပါရဲ့။

ရေးသားသူ – ဆေရန်ပြို

Leave a Reply

Your email address will not be published. Required fields are marked *