မတ် ၁၇ ၊ ရန်ကုန်
စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်းမှာ လူငါးသိန်းနီးပါး စစ်ဘေးရှောင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဒီနေ့ မတ်လ (၁၇) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာတနိုင်ငံလုံးမှာဆိုရင်တော့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလမတိုင်ခင်က ၃၇၀,၀၀၀ နဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၄၉၅,၃၀၀ဦး အပါအဝင် စုစုပေါင်း လူဦးရေ ၈၆၅,၇၀၀ဦးဟာ နေရပ်စွန့်ခွာထွက်ပြေးရလျက်ရှိပါတယ်လို့ UNOCHA ကဆိုပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲကြောင့် စစ်ကိုင်းတိုင်းထဲမှာ စစ်ရှောင်နေရသူ တစ်သိန်းကျော်နဲ့ အများဆုံးဖြစ်ပါတယ်။
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကယား(ကရင်နီ)၊ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ တနင်္သာရီးတိုင်း နဲ့ ရှမ်းပြည်တောင်ပိုင်းတို့မှာ စစ်ဘေးတိမ်းရှောင်နေရသူ နှစ်သိန်းကျော်ရှိနေပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပြုလုပ်တာကြောင့် သိန်းနဲ့ချီတဲ့ဒေသခံတွေက နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။
ဒီလို စစ်ရှောင်နေရသူတွေဆီကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ အလွန်တင်းကြပ်တဲ့ သွားလာခွင့်ဆိုင်ရာအခြေအနေတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။