
ဇန််နဝါရီ ၁၇ ၊ အိန္ဒိယ
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်ကနေ တစ်ဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရှမ်းနီစစ်ဘေးရှောင်များကို မဏိပူရ်ပြည်နယ် ကမ်ဂျုံးခရိုင် အုပ်ချုပ်ရေးဌာနက ထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကမ်ဂျုံးခရိုင်အုပ်ချုပ်ရေးဌာနက စစ်ဘေးရှောင်စခန်း (၇)ခုဆီကို စားနပ်ရိက္ခာ၊ အဝတ်အစား နှင့် ကျန်းမာရေးစောင့်ရှောက်မှုတချို့ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
“ ဆောင်းရာသီဆိုတော့ ဟိုဘက်ခြမ်းက အေးတဲ့နေရာဆိုတော့ စောင်တွေ လိုအပ်မှာ သေချာတယ်။ ပြည်နယ်အစိုးရအနေနဲ့ တတ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်နေပေမယ့် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်တဲ့ ရှမ်းနီပြည်သူတွေအရေး အကိုင်တွယ်ဖြေရှင်းဖို့ အနာဂတ်မှာ ရန်ပုံငွေတွေ ပိုလိုနေပါတယ်” လို့ International Tai Meitei ( ကသည်း) Association ဥက္ကဌ ရာဂျက်ကူးမားက ရှမ်းနီအသံကိုပြောပါတယ်။
International Tai Meitei ( ကသည်း) Association ကလည်း ရှမ်းနီစစ်ဘေးရှောင်တွေအတွက် ကမ်ကျုံးခရိုင်အုပ်ချုပ်ရေး လက်ထောက်ကော်မရှင်နာထံ ရူဘီးငွေ သုံးသောင်းခွဲကို ပေးအပ်ခဲ့ပြီး အဲ့ဒီကနေ တဆင့် စစ်ဘေးရှောင်စခန်းတွေဆီကို ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။
စစ်ဘေးရှောင်တွေက လက်ရှိမှာ စားသောက်ရေးလိုအပ်နေပြီး ဒုတိယအနေနဲ့ ရာသီဥတုပိုအေးနေခြင်းကြောင့် အမိုးအကာနဲ့ အဝတ်အထည်တွေလိုအပ်တယ်လို့ ၎င်းက ပြောပြပါတယ်။
အိန္ဒိယအစိုးရကလည်း စစ်ဘေးတိမ်းရှောင်လာသူများအတွက် နေထိုင်စရာနေရာတချို့ ၊ စခန်းတချို့ကို ဖွင့်လှစ်ထားပြီး လူသားချင်းစာနာမှုအကူအညီတချို့ပေးအပ်နေတယ်လို့ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ ရှမ်းနီတိုင်းရင်းသားတစ်ဦးကလည်း ပြောပြပါတယ်။
ကမ်ဂျုံးခရိုင် လက်ထောက် ကော်မရှင်နာရဲ့ ပြောဆိုမှုအရ မဏိပူရ််ပြည်နယ် ကမ်ဂျုံးခရိုင်အတွင်း စစ်ဘေးရှောင်လာသူ ၅ ထောင်နီးပါးရှိတဲ့ထဲ့ ရှမ်းနီတိုင်းရင်းသား ၂၅၀၀ ရှိတယ်လို့ ဆိုပါတယ်။
တမူးမြို့နယ်အတွင်း သနန်ကျေးရွာ ၊ စိုးသာယာ ၊ အောင်ဇေယျကျေးရွာအတွင်း နေထိုင်ကြတဲ့ ရှမ်းနီတိုင်းရင်းသားတွေဟာ စစ်ကောင်စီတပ်နဲ့ ကူးကီး၊ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲကြောင့် အိန္ဒိယနိုင်ငံဘက်ကို ဒီဇင်ဘာလကတည်းက ထွက်ပြေးခိုလှုံခဲ့ကြရတာလည်းဖြစ်ပါတယ်။