
ဇန်နဝါရီ ၃၀ ၊ တမူး
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ် မင်းသာကျေးရွာမှာ ဇန်နဝါရီလ ၂၈ ရက်နေ့ကစပြီး ဒီနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
တမူးမြို့နယ် မင်းသာကျေးရွာ နဲ့ ကျွန်းပင်သာကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“မင်းသာဖက်ကတော့လေယာဥ်နဲ့ချနေပြီထင်တယ်ဗျာ။ တအုန်းအုန်းနဲ့ကြားနေရတယ်” လို့ ဒီနေ့မနက်ပိုင်းမှာ ဒေသခံတစ်ဦးက ဆိုပါတယ်။
တိုက်ပွဲသုံးရက်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာ ၊ လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ခိုက်တာတွေကြောင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေဘက်က ထိခိုက်မှုတွေရှိနေတယ်လို့ ဒေသတွင်း သတင်းတွေနဲ့ စစ်ကောင်စီအာဘော်မီဒီယာတွေမှာ ဖော်ပြလာကြပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ကျေးရွာဟာ အိန္ဒိယ-မြန်မာနယ်စပ်မျဉ်းနဲ့ တစ်မိုင်ဝန်းကျင်အကွာမှာသာရှိနေပြီး တပ်စခန်းနှစ်ခုရှိပါတယ်။
တမူးမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွဲမယ်လို့ ဇန်နဝါရီလလည်မှာ တော်လှန်ရေးအင်အားစုတွေဘက်က ကြေညာစာဖြန့်ဝေခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ တိုက်ပွဲတွေပြင်းထန်လာခဲ့တာဖြစ်ပါတယ်။
တမူးမြို့နယ်အတွင်းက ခမ်းပတ်မြို့ ၊ ကနန်ကျေးရွာ ၊ ခွန်မွန်းနွမ်ကျေးရွာတွေကို ဒီလအတွင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။
တမူးမြို့နယ်က တိုက်ပွဲတွေကြောင့် ဒေသခံတွေက အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြပြီး အရင်နှစ်တွေက ထွက်ပြေးတိမ်းရှောင်သူ ခြောက်ထောင်နီးပါးရှိပြီး ဒီနှစ်မှာ အိန္ဒိယနိုင်ငံ ဘက်က နေရပ်ပြန်ပို့မယ်လို့ ပြောဆိုထားပါတယ်။