

စက်တင်ဘာ ၁၉ ၊ မြစ်ကြီးနား
ဝိုင်းမော်မြို့နယ် ၊တရုတ်နယ်စပ်အနီးရှိ ကန်ပိုက်တီမြို့ကနေ ပန်ဆောင်မြို့အထိ ချိတ်ဆက်သွားလာနိုင်မယ့် အဝေးပြေးလမ်းမကြီးစီမံကိန်းကို တရုတ်နဲ့မြန်မာစစ်ကော်မရှင်တို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း မနေ့က ISP Myanmar ထုတ်ပြန်ခဲ့မှုအရ သိရပါတယ်။
ဒီလမ်းမကြီးဟာ ကန်ပိုက်တီမြို့ကနေ မြစ်ကြီးနားမြို့ကိုဖြတ်သန်းပြီး လီဒိုလမ်းမကြီးမှတစ်ဆင့် အိန္ဒိယနယ်စပ်ရှိ ပန်ဆောင်မြို့သို့ ချိတ်ဆက်မယ့် ကန်ပိုက်တီ-မြစ်ကြီးနား-ပန်ဆောင်လမ်းမကြီးဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါစီမံကိန်းကို မြန်မာနိုင်ငံဘက်မှ Transland Public ကုမ္ပဏီနဲ့ တရုတ်ဘက်က Yunnan Baoshan Hengyi industrial Group ကုမ္ပဏီတို့ လက်မှတ်ထိုးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
သမိုင်းဝင်လီဒိုလမ်းမကြီးကို ပြင်ဆင်ဖို့ဆိုပြီး ပြီးခဲ့တဲ့လက အိန္ဒိယဘက်ကလည်း စစ်ကော်မရှင်ကို ကမ်းလှမ်းမှုတွေရှိခဲ့ကြောင်းသိရပြီး ယခုလမ်းမကြီးစီမံကိန်းဟာ တရုတ်ဘက်မှ အိန္ဒိယထက်လက်ဦးမှုရယူခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ကန်ပိုက်တီက ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်ပြီး ပန်ဆောင်မြို့က စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ-အိန္ဒိယနယ်စပ်မှာရှိတဲ့မြို့ဖြစ်ပါတယ်။
သို့သော် ဗန်းမော်မြို့ကလွဲပြီး ကန်ပိုက်တီ-မြစ်ကြီးနားလမ်းပိုင်းကို ကချင်လွတ်မြောက်ရေးတပ်(KIA)ကထိန်းချုပ်ထားတာဖြစ်ပြီး မြစ်ကြီးနား-ပန်ဆောင်လမ်းပိုင်းတွေကိုတော့ စစ်တပ်ကထိန်းချုပ်ထားပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ မြန်မာ-တရုတ်-အိန္ဒိယ သုံးနိုင်ငံအတွက် ကုန်သွယ်ရေးလုပ်ငန်းများဖော်ဆောင်နိုင်ဖို့အတွက် ဒီလမ်းပိုင်းဖောက်လုပ်ရေးစီမံကိန်းကို စီစဉ်ဆောင်ရွက်နေကြောင်း ယခင်ကထုတ်ပြန်မှုတွေရှိခဲ့ပါတယ်။
စစ်ကော်မရှင်က တရုတ်နိုင်ငံခရီးစဉ််အတွင်းမှာ စီမံကိန်း ၇ ခုကို လက်မှတ်ရေးထိုးခဲ့ပြီး လီဒိုလမ်းပိုင်းကို အဆင့်မြင့်တင်ရေးအပါအဝင် မီဒီယာပူးပေါင်းဆောင်ရွက်မှု ၊လျှပ်စစ်စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။
