မေ ၂၂ ၊ ဖားကန့်
ဥရုချောင်းကနေမျှောလာတဲ့ လူသေအလောင်းတစ်လောင်းဟာ ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်စီစာကျေးရွာတွင် သောင်တင်နေသည်ကို မေလ၂၁ရက်နေ့ ညနေ (၃)နာရီအချိန်ခန့်မှာ တွေ့ရှိခဲ့ကြတယ်လို့ မှော်စီစာပရဟိတ လူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။
ရေစီးနှင့်အတူမျှောပါလာသော အဆိုပါအလောင်းဟာ အသက်(၄၀)ဝန်းကျင်အရွယ်ရှိ အမျိုးသားအလောင်းဖြစ်ပြီး သေဆုံးထားတာ (၃) ရက်ကြာရှိနိုင်ပြီဖြစ်သည်ဟု ဒေသခံများက ပြောဆိုမှုတွေရှိနေကြပါတယ်။
“ရိုက်ထားတဲ့ဒဏ်ရာတွေလဲပါတယ် ကိုယ်တုံးလုံးနဲ့ အဝတ်အစားမပါဘူး နှိက်စက်ထားလားဘာလားတော့မသိဘူး ဒဏ်ရာတော့တွေ့တယ်။ ဒါပေမယ့်သူကကျတော့ ကျနော်တို့သိရမြင်ရသလောက်ကတော့ ဟိုတုန်းကရေနစ်သေတဲ့သူဘာညာဆို ပုံမှန်ဆိုရေဝင်ပြီးမှ ဖောင်းနေတာပေါ့ အခုလိုဟာကျတော့အေ့လိုမဟုတ်ဘူး သေမှပစ်တဲ့ပုံစံမျိုး ဖောင်းတာတွေဘာတွေမရှိဘူးလေ” ဟု ကူညီကယ်ဆယ်ရေးလုပ်ကိုင်ခဲ့သူတစ်ဦးက ပြောပြပါတယ်။
အလောင်းမှာ ရိုက်နှက်ခံထားရသော ဒဏ်ရာများလည်းပါရှိပြီး မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း ယနေ့အထိမသိရှိရသေးဘူးလို့ ဆိုကြပါတယ် ။
အဆိုပါအမျိုးသားအလောင်းကို မှော်စီစာကျေးရွာလူကြီးများက လက်မှတ်ထိုး၍ သင်္ဂြိုလ်ပြီးစီးလိုက်ပြီဟုလည်း သိရပါတယ်။
ဖားကန့်မြို့နယ်မှာ အာဏာသိမ်းပြီးနောက် အမည်မသိအလောင်းတွေ့ရှိမှုတွေဟာ မကြာခနဖြစ်ပွားနေတာဖြစ်ပြီး ပြုလုပ်သူတွေကိုလည်း ယနေ့အချိန်ထိဖော်ထုတ်နိုင်ခြင်းများလည်း မရှိသေးပါဘူး။