၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်း ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးတန်ဖိုး ကျပ်သန်းခြောက်ထောင်ကျော် နှင့် လူသုံးရာကျော်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ရဲ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။
ဇန်နဝါရီလကနေ မေလအထိ မူးယစ်ဆေးဝါးနှင့်ပတ်သက်တဲ့ အမှုပေါင်း (၂၄၅) မှု၊ တန်ဖိုးငွေကျပ် (၆၈၃၈.၃၃၈) သန်း၊ ပြစ်မှုကျူးလွန်သူ တရားခံ ကျား/မပေါင်း (၃၁၀)ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်က မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးခံရသူ ၉၆၆ ဦးရှိခဲ့ပြီး ယခင်နှစ်ဝက်ထက်နှိုင်းယှဉ်မယ်ဆိုရင် လျော့ကျလာပေမယ့် ဒေသတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုက မြင့်တက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
“ ဘာကြောင့် ပေါသလဲ ဆိုလို့ရှိရင် အာဏာ စိုးမိုးမှု မရှိတဲ့အနေအထားလည်း ဖြစ်နိုင်ပါတယ်။ ရဲတွေကလည်း မဖမ်းနိုင်ကြတော့ဘူးလေ ရပ်ထဲရွာထဲမှာလည်း။ ဖမ်းသွားတာကလည်း ဖမ်းတဲ့အခါလေးပဲ။ ဖမ်းသွားရင်လည်း ပြန်ပေါ်လာခဲ့လိုက်ပြီ။ ဖမ်းသွားရင်လည်း ဘာမှမကြာဘူး ပြန်ထွက်ခဲ့လိုက်ပြီ။ ပြန်ထွက်ခဲ့ရင်လည်း လာပြန်ရောင်းတယ် လာပြန် သုံးတယ် အဲ့လိုမျိုး။” လို့ မိုးညှင်းဒေသခံတစ်ဦးက ပြောပါတယ်။
၂၀၂၂ ခုနှစ် UNODC စာရင်းတွေအရ ကချင်ပြည်နယ်မှာ ကံပိုက်တည်ဒေသ၊ ဆဒုံးဒေသ ၊ တနိုင်းဒေသ၊ ဖားကန့်ဒေသ၊ ပန်ဝါဒေသ၊ ချီဖွေဒေသ၊ ဗန်းမော်ခရိုင်၊ ဆွမ်ပရာဘွမ်ဒေသနှင့် ပူတာအိုခရိုင်တို့တွင် ဘိန်းစိုက်ပျိုးမှုဆက်ရှိနေဆဲဖြစ်တယ်လို့ပြောဆိုထားပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီက အမေရိကန်ဒေါ်လာ သန်း ၄၆၆ သန်းကျော်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။