၄ နှစ်အတွင်း သတင်းသမား ၂၀၀ ကျော်ဖမ်းဆီးခံထားရ 

ဇန်နဝါရီလ ၂၉ ၊ ချင်းမိုင် 

၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်ကုန်အထိ သတင်းမီဒီယာသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီထဲက ၄၃ ဦးဟာ အကျဉ်းထောင်အသီးသီးမှာ ထိန်းသိမ်းခံနေရတယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ထုတ်ပြန်ပြောဆိုထားပါတယ်။ 

သတင်းသမားတွေကို ပုဒ်မ ၁၀ ခုကျော်နဲ့ ဖမ်းဆီးအရေးယူခဲ့တာဖြစ်ပြီး ထောင်ဒဏ်တစ်သက်အပါအဝင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ သတင်းမီဒီယာသမား (၁၁) ဦးအထိရှိနေတယ်လို့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ IPCM က ထုတ်ပြန်ထားတာပါ။

၄ နှစ်တာအတွင်း စစ်ကောင်စီက မီဒီယာဖိနှိပ်မှုတွေ အလွန်ပြင်းထန်ခဲ့ပြီး မီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးနေကာ သတင်းမီဒီယာလွတ်လပ်ခွင့်မရှိတဲ့ ကမ္ဘာ့ထိန်းဆုံးနိုင်ငံတွေအထိ ပါဝင်နေတာဖြစ်တယ်လို့ IPCM က ပြောဆိုထားပါတယ်။ 

သတင်းသမားများကို ဖမ်းဆီးထောင်ချတာ ၊ နှိပ်စက်သတ်ဖြတ်တာတွေကို ဆန့်ကျင်ရှုံ့ချပြီး ကျူးလွန်သူတွေကို တာဝန်ခံမှုရှိစေဖို့ IPCM က အလေးအနက်တိုက်တွန်းကြောင်း ဆိုထားပါတယ်။ 

IPCM ရဲ့ စာရင်းအရ လေးနှစ်အတွင်းမှာ ဖမ်းဆီးနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့တဲ့ သတင်းသမား ၇ ဦးအထိရှိနေတာဖြစ်ပါတယ်။ 

သတင်းမီဒီယာသမားတွေကို  မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၊လဝက ပုဒ်မ ၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ၊ ပုဒ်မ ၁၂၄ ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ စတဲ့ ပုဒ်မတွေနဲ့  စစ်ကောင်စီက အရေးယူထားတာလည်းဖြစ်ပါတယ်။ 

သတင်းလွတ်လပ်ခွင့် နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က မီဒီယာတွေအတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် သတင်းလွတ်လပ်ခွင့်တွေကို အဖွဲ့အစည်းအသီးသီးက အလေးထားလုပ်ဆောင်ပေးကြဖို့ IPCM က တောင်းဆိုထားပါတယ်။ 

IPCM ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်ထိ သက်တမ်းအားဖြင့် တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။ 

မြန်မာသတင်းမီဒီယာကောင်စီ IPCM က လွတ်လပ်သော သတင်းမီဒီယာများ၊ တိုင်းရင်းသားမီဒီယာများ၊ ဒေသအခြေပြုမီဒီယာများကို ကိုယ်စားပြုဖွဲ့စည်းထားတဲ့ ကောင်စီတစ်ခုဖြစ်ပြီး သတင်းမီဒီယာလွတ်လပ်ခွင့်၊ လုံခြုံရေးနှင့်အကာက်အကွယ်ရရှိရေး ၊ မီဒီယာကျင့်ဝတ်များရေးဆွဲပြဌာန်းရေးတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *