၅ နှစ်တိုင်ရပ်ထားရတဲ့ အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနှစ်သစ်ကူးနှင့် ကောက်ဦးဆွမ်းကပ်ပွဲကို ပြန်လည်ပြုလုပ်မည်

နိုဝင်ဘာ ၂၆ ၊ အင်းတော်ကြီး

အင်းတော်ကြီးဒေသမှာ ၅ နှစ်တိုင် ရပ်နားထားရတဲ့ ရှမ်းနှစ်သစ်ကူးပွဲနဲ့ ကောက်ဦးဆွမ်းကပ်လှူဒါန်းပွဲတော်ကို လာမယ့်လမှပြန်လည်ပြုလုပ်သွားမယ်လို့ ပွဲကျင်းပရေးကော်မတီဆီကနေ သိရပါတယ်။ 

ကျွန်တော်တို့က ဒီကိုယ့်ရိုးရာ ထုံးတမ်းအစဉ်အလာအတွက်ကို ပျောက်ပျက်သွားမှာစိုးလို့၊ မကျင်းပတာလည်း ကြာတဲ့အတွက်ကြောင့်မို့လို့  ကျင်းပနိုင်တဲ့ အချိန်လေးမှာ ဒကျင်းပဖြစ်တာမို့ ပြန်လည်ပြီးတော့မှ ကျင်းပတာဘဲဖြစ်ပါတယ်” လို့ပွဲကျင်းပရေးကော်မတီဝင်တစ်ဦးကပြောပါတယ်။ 

၂၃ ကြိမ်မြောက်ပွဲတော်ကိုတော့ အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာပဲ  သံဃာတော်တွေကို ကောက်ဦးဆွမ်းကပ်လှူတာ ၊ ပဒေသာကပွဲတာတွေနဲ့  နှစ်ရက်ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

အင်းတော်ကြီးဒေသလုံးဆိုင်ရာပွဲတော်ကို အင်းတော်ကြီးဒေသရှိ ကျေးရွာအုပ်စုတွေကို နှစ်စဉ်အလှည့်ကျနတ်တော်လဆန်း (၁) ရက်နေ့မှာ ပြုလုပ်လာခဲ့ကြတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့တာလည်းဖြစ်ပါတယ်။ 

သို့ပေမယ့် ၂၀၂၀ ကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ ကျင်းပနိုင်ခြင်းမရှိတော့ဘဲ ကျေးရွာအလိုက် အကျဉ်းချုံးသာ ကျင်းပခဲ့ကြတာပါ။ 

၂၃ ကြိမ်မြောက် အလှည့်ကျတဲ့ ကျေးရွာအုပ်စုက အိုင်လေးတူကျေးရွာက ဖြစ်ပေမယ့် အဲ့ဒီကျေးရွာမှာလုံခြုံရေးအရ မကျင်းပနိုင်ဘူးလို့ ဆိုပါတယ်။

အင်းတော်ကြီးဒေသရှိ ကျေးရွာ ထက်ဝက်နီးပါးကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး အဲ့ဒီ ကျေးရွာက ဒေသခံတွေက လာရောက်ပူးပေါင်းဖို့အခက်အခဲရှိတယ်လို့ သိရပါတယ်။ 

အခြေအနေမကောင်းတဲ့ရွာဘက်တွေကတော့ လာနိုင်ဖို့က ဂိတ်တွေအများကြီးရှိတယ်။  တစ်ချို့ကလည်း လမ်းဖွင့်ထားတဲ့အခါကျတော့ အများကြီးမဟုတ်ရင်တောင် နဲနဲပါးပါး လာနိုင်ကြမယ်။ ဘယ်လိုထင်လည်းဆိုတော့ သူတို့ အတွက်လုံခြုံရေး စိုးရိမ်ရလို့ သူတို့ မလာနိုင်ဘူးပေါ့လို့တော့ ထင်တာပေါ့လေ” လို့ သူက ဆက်ပြောပါတယ်။

အင်းတော်ကြီးဒေသရဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်နဲ့ ကောက်ဦးဆွမ်းကပ်လှူပွဲကိုနှစ်စဉ်လူတစ်သောင်းခွဲဝန်းကျင်ပါဝင်ကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *