မေ၂၀၊ရန်ကုန်
၈ လတာကာလအတွင်းမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ PDF တွေနဲ့ တိုက်ပွဲအကြိမ်ရေ ၄,၉၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆,၇၉၁ ဦး သေဆုံးခဲ့တယ်လို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က မေလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
NUG ပြည်သူ့ခုခံစစ်ကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မေလ ၆ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေကို စုစည်းပြီး ပြန်လည်ထုတ်ပြန်တာဖြစ်တယ်လို့လည်းဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလထဲမှာ တိုက်ပွဲဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ခဲ့ပြီး တိုက်ပွဲပေါင်း ၇၃၉ ပွဲ ၊ဗုံးပေါက်ကွဲမှု ၃၃၂ ခုထိရှိပြီး စစ်ကောင်စီတပ်သားသေဆုံးမှု ၂၅၀၀ ကျော်အထိရှိတယ်လို့လည်းဆိုပါတယ်။
မြေပြင်အခြေအနေမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုဟာ ခုအရေအတွက် ထက် ပိုများနိုင်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။
ဒီတိုက်ပွဲတွေက စစ်ကိုင်းတိုင်းထဲမှာ အမြင့်ဆုံးဖြစ်ပြီး စစ်ဘေးဒုက္ခသည်တွေလည်း သုံးသိန်းနီးပါးထိရှိလာခဲ့တာလည်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အာဏာသိမ်းပြီးတဲ့နောက် စစ််ဘေးတိမ်းရှောင်ရသူ ၆ သိန်းနီးပါးရှိနေပြီလည်းဖြစ်တယ်လို့ UNOCHA ရဲ့ သတင်းထုတ်ပြန်မှုအရသိရပါတယ်။
စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်ဖို့အတွက် အနောက်နိုင်ငံတွေကို NUG က လက်နက်ထောက်ပံ့ပေးဖို့ တောင်းဆိုမှုတစ်ရပ်ကိုလည်း ဒီရက်ပိုင်းမှာပြုလုပ်ခဲ့ပါသေးတယ်။