ဟိုပင်မြို့ ရပ်ကွက်အတွင်းက လောင်းကစားဝိုင်းတစ်ခုကို KIA ဝင်စီးပြီး လူ ၇၀ ကျော်ဖမ်းဆီးသွား 

စက်တင်ဘာ ၁၀ ၊ ဟိုပင်

မိုးညှင်းမြို့နယ် ဟိုပင်မြို့ မြဇေယျာရပ်ကွက်က လောင်းကစားဝိုင်းတစ်ခုကို စက်တင်ဘာလ ၇ ရက်နေ့မှာ KIA က ဝင်ရောက်စီးနင်းပြီး အမျိုးသား ၇၀ ဦးတို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

KIAဘက်ကဖမ်းသွားတာ။ သူတို့ကြက်ဝိုင်းမှာ ဝင်ပြီးတော့မှဖမ်းသွားတာ၊ သရက်ချောင်းဟိုဘက်ကမ်း ခြံဝင်းကြီးထဲမှာသွပ်ကာထားတယ် အဲ့တာကိုဝင်ဖမ်းတာ၊ ကြက်ဝိုင်းရှိတယ်။ အဲ့ထဲက ကို သူတို့ KIA က ဝင်ဖမ်းတာ အဲ့တာကို ရှမ်းနီဖမ်းတယ်ဆိုပြီး ဝါဒဖြန့်တာ”  လို့ ဟိုပင်မြို့ မြဇေယျာရပ်ကွက်နေတဲ့ ဒေသခံအမျိုး သားတစ်ဦးက ပြောပြပါတယ်။ 

ကနဦးသတင်းတွေမှာတော့ ရှမ်းနီအမျိုးသားများတပ်မတော် SNA က ဝင်ရောက်စီးနင်းဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း မမှန်ကန်ကြောင်း ဒေသခံတွေကပြောပြပါတယ်။ 

KIA ဖမ်းဆီးသွားတဲ့သူတွေကို  မိုးညှင်း အရှေ့တောင်ဘက်ကို ခေါ်ဆောင်သွားတာဖြစ်ပြီး အသက် ၅၀ နှစ်အထက် အမျိုးသားများကိုသာ ပြန်လွှတ်ပေးမယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရတဲ့ ၇၀ ဦးထဲမှာ ဟိုပင်မြို့က ရပ်ကွက်သားများ၊ မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာက ဒေသခံတချို့နဲ့  မြို့သစ်ကလေးကျေးရွာက ၈ ဦးပါဝင်ပြီး အဲ့ထဲမှာ အထက်တန်းကျောင်းသားတစ်ဦးလည်းပါဝင်ကြောင်း ဒေသခံများက ဆိုပါတယ်။ 

မြို့သစ်ကလေးရွာက ၈ ယောက်လောက်ပါတယ်။ အများကတော့ ဟိုပင် ရှေ့ခြမ်း ၊နောက်ခြမ်း နဲ့  ပင်းဘောဘက်ကပါသေးတယ်။ မိသားစုတွေက လိုက်သွားတော့ သူတို့နဲ့မဆိုင်ဘူးလို့ပြောခဲ့တာ၊ အဲ့တုန်းက မရောက်သေးဘူးနဲ့တူပါတယ်။ ဒီညနေမှ ရောက်တာဆိုလို့ ညနေမှသိရတာ၊ အသက်၅၀ အောက်ကို အကုန်ခေါ်ထားမယ်ဆိုပြီး အဲ့လိုပြောခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။ 

ဟိုပင်မြို့နည်းတူ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက KIA ထိန်းချုပ်စိုးမိုးနယ်မြေဖြစ်တဲ့ နမ့်ပတဲ၊ ညောင်ပင် နဲ့ အင်းမြှီးဒေသမှာ စုဆောင်းရေးဆွဲခံရတဲ့ လူငယ်အများအပြားရှိကြောင်း အမည်မဖော်လိုတဲ့ ဒေသခံ ရှမ်းနီလူငယ် ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ 

“ KIA က ညစဉ် စုဆောင်းရေးဆွဲတာရှိတယ်။ ည ၈ နာရီနောက်ပိုင်းဆိုရင် အပြင်ထွက်လို့မရတော့ဘူး ။ အပြင်ထွက်ရင်တစ်ခါတည်းပဲ စုဆောင်းရေးဆွဲသွားတာ။ အခုလို ရှမ်းကလေးတွေကို လုပ်တာတော့ မကောင်းပါဘူး။ ကျွန်တော်တို့ ဒေသမှာက ရှမ်းနီအများဆုံးဆိုတော့ ရှမ်းနီတွေကို စုဆောင်းရေးဆွဲသလိုဖြစ်နေတယ်” လို့ သူက ပြောပါတယ်။ 

မိုးညှင်းမြို့နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့စစ်များ ၊ PDF အပါအဝင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လှုပ်ရှားနေကြပြီး စစ်သားစုဆောင်းမှုများကို ဆက်တိုက်ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *