အွန်လိုင်းမှ မဲစာရင်းကြည့်ရှုစစ်ဆေးမှုတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် (၆) ခုကျန်ခဲ့

စက်တင်ဘာ ၉ ၊ စစ်ကိုင်းတိုင်း

Covid-19 ကာလအတွင်း အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်များ ကျန်းမာရေး ကာကွယ်ထိန်းချုပ်မှုများ နှင့်အညီ မဲစာရင်းများကို စစ်ဆေးနိုင်ရန် ဆောင်ရွက်ထားသည့် online စနစ်တွင်စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် စာရင်း ကျန်ရှိမှုများ ရှိခဲ့ပြီး ယနေ့ညနေပိုင်းတွင် ပြန်လည်ပြင်ဆင်ထားကြောင်းသိရသည်။

“အဲဒီပြဿနာလေးက ဆော့ဝဲ(လ်) ပြောင်းတဲ့အခါမှာ နည်းနည်းအခက်ခဲရှိနေတယ်လို့ပြောတယ်။ ကျွန်တော်တို့ တိုင်း တွင်မကပါဘူး ကျန်တဲ့တိုင်းနှင့်ပြည်နယ်တွေမှာလည်း ရှိတယ်တဲ့ အဲ့လိုမျိုး။ ကျွန်တော်တို့လည်း ရိုက်ထားတဲ့ စီဒီပြားကို ပေလိုက်ရတာကို။ ရိုက်ထားတဲ့အချိန် နည်းနည်း အယ်လ်တာ ပါသွားတာထင်တယ်။” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်ဦးကပြောသည်။

ယနေ့ နေ့လည်ပိုင်း ရှမ်းနီအသံက ကြည့်ရှုစစ်ဆေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဗန်းဗောက်၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး၊ ပင်လည်ဘူး စသည့် မြို့နယ် စာရင်းများ ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။

ထိုမြို့နယ်များတွင် ရှမ်းနီတိုင်းရင်းသားအများဆုံးနေထိုင်ကြသည်။ ထိုစာရင်းများသည် တိုင်းဒေသအလိုက် ပေးပို့လိုက်သည့် စာရင်းများအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တိုက်ရိုက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဦးတင်ဦးကဆက်ပြောသည်။

“အဲ့လိုမျိုးကိုတော့ မကြည့်ဖြစ်ဘူး အကုန်လုံးက ပါကျတော့ ရပ်ကွက်ရုံးကိုပဲ သွားကြည့်ကြတာ။ အွန်လိုင်းနဲ့က တော ဖုန်းလိုင်း ကောင်းတဲ့ချိန်ရှိတယ် မကောင်းတဲ့ချိန်ရှိတယ်ဆိုတော့ အွန်လိုင်းကနေကြည့်ဖို့က ခဲယင်းတယ်ဗျ” ဟု ဗန်းမောက်မြို့နယ်မှ ဦးထွန်းမြင့်ကပြောသည်။

အဆိုပါအွန်လိုင်းစနစ် အင်တာနက်လိုင်းမကောင်းခြင်း၊ စာရင်းများ ဝင်ရောက်ကြည့်ရူရာတွင် ဝင်မရခြင်း အခက်ခဲများကြောင့် ဒေသခံများ ဝင်ရောက်ကြည့်ရူခြင်း မရှိကြောင်း စုံစမ်းမေးမြန်းချက်အရ သိရသည်။

“အွန်လိုင်းကနေကြည့်မဘူးဆိုရင်လည်း ရပ်ကွက်ကော်မရှင်ရုံးမှာလည်းကပ်ထားတာပဲ အွန်လိုင်းကတော့ ကိုဗစ်အခြေအနေအရ သွားရေးလာရေး ခက်ခဲတဲ့ ကန့်သတ်ထားတဲ့မြို့နယ်တွေ အတွက်ကိုတော့ နည်းနည်း လေးအဆင်ပြေအောင်လို့ လုပ်တာပါ။” ဟု ဦးတင်ဦးကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့တွင်စတင်ပြီး အွန်လိုင်းမှတဆင့် ကြည့်ရှုစစ်ဆေးနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *