
မေ ၂၈ ၊ ဝိုင်းမော်
စစ်ကောင်စီနဲ့ KIA+PDF ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေကြတဲ့ ကျေးရွာတွကို ဖြတ်ပြီး ကာကွယ်ဆေးထိုးနှံဖို့ မိခင်နဲ့ ကလေး တွေဟာ မိုးမောက်မြို့နယ်ကနေ ဝိုင်းမော်မြို့သို့ လာရောက်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မိုင် ၉၀ ဝန်းကျင်အကွာအဝေးရှိတဲ့ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယာန်မြို့ကနေ ဝိုင်းမော်မြို့အထိ ကားခက နှစ်သိန်းခွဲအထိရှိပြီး တချို့မိသားစုတွေက မတတ်နိုင်တာကြောင့် ဆိုင်ကယ်တွေနဲ့ လာရောက်ကြရတယ်လို့ ဆိုပါတယ်။
“ ဒေါ့ဖုန်းယန်မြို့အနီးတဝိုက်က ကျေးရွာတွေက ကလေးတွေက ကာကွယ်ဆေးထိုးဖို့အခက်အခဲတွေရှိနေတယ်။ အရင်ကတော့ လိုင်ဇာဆေးရုံကနေ ထိုးပေးတယ်။ အခုနောက်ပိုင်း မလုံလောက်လို့ထင်ရတယ်။ ဝိုင်းမော်အထိ ကလေးကာကွယ်ဆေးတွေ လာထိုးနေရတယ်။ လမ်းခရီ အရမ်းခက်ခဲတယ် ၊ မိုင် ၈၀ ဝန်းကျင်လောက်ကို ကားခကလည်း နှစ်သိန်းခွဲဝန်းကျင်လောက်ပေးရတာ ၊ ကားခမတတ်နိုင်တဲ့ မိသားစုတွေဆိုရင် ဆိုင်ကယ်နဲ့လာရပါတယ်” လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်းလူငယ်တစ်ဦးက ပြောပြပါတယ်။
ဒေါ့ဖုန်းယာန်တဝိုက်က မန်ဆိုင်း၊ လားလုံ ၊ ဖာကေ ၊ နောင်နင်း ကျေးရွာအပါအဝင် တခြားသော ကျေးရွာက မိခင်နဲ့ ကလေး တွေဟာ ကာကွယ်ဆေးတွေ လာရောက်ထိုးနှံနေကြရတာလည်းဖြစ်တယ်လို့ သိရပါတယ်။
ဝိုင်းမော်မြို့သို့ ဝင်ရောက်တဲ့လမ်းကြောတလျှောက်မှာလည်း စစ်ဆေးမှုတွေရှိသလို လူငယ်တချို့လည်း ဖမ်းဆီးခံရမှုတွေရှိနေတယ်လို့ ဆိုပါတယ်။
KIA ထိန်းချုပ်ထားတဲ့ ကျေးရွာတွေနဲ့ မြို့တွေဆီကနေ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့မြို့တွေဆီကို သွားလာဖို့အတွက်လည်း ထောက်ခံစာတွေယူဆောင်သွားရတာဖြစ်ပြီး ထိုထောက်ခံချက်ရယူရေးအတွက်လည်းအခက်အခဲတွေရှိတယ်လို့ စုံစမ်းသိရပါတယ်။
မိုးမောက်မြို့နယ် နဲ့ ဒေါ့ဖုန်းယာန်မြို့ကို KIA က ၂၀၂၄ ခုနှစ်အတွင်းမှာ သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ််ရေးယန္တရားတွေလည်ပတ်နေကာ ကျန်းမာရေး၊ ပညာရေးတွေ အကောင်အထည်ဖော်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြန်မာ့ကလေး တစ်သန်းကျော် အရေးကြီးကာကွယ်ဆေးထိုးနှံမှုများ လက်လှမ်းမမှီဖြစ်နေပြီး တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံဟာ ကာကွယ်ဆေးလုံးဝမထိုးရသေးတဲ့ ကလေးအများအပြားရှိတဲ့ နိုင်ငံတစ်ခုဖြစ်လာကြောင်း UNICEF Myanmar က ထုတ်ပြန်ထားပါတယ်။
