မိုးကုတ်မြို့မှာ လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ဖြစ်ပွားလာခြင်းကြောင့် ဒေသခံအများစု တိမ်းရှောင်လာ 

ဩဂုတ် ၂၀ ၊ မိုးကုတ် 

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးပြုလုပ်လာတဲ့အတွက် ဒေသခံအများစုဟာ အခုရက်ပိုင်းမှာ တိမ်းရှောင်မှုတွေများပြားလာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

မိုးကုတ်မြို့ကို ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ ၁၉ ရက်နေ့အထိ နေ့စဉ် ကင်းထောက်လေယာဉ်ပျံဝဲနေတာနဲ့  လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ထိုသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော်သေဆုံးထားပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိနေတာလည်းဖြစ်ပါတယ်။ 

မသွားလို့မရတော့ဘူး။​လမ်းမပိတ်ခင်ထွက်မှ မနှစ်ကလိုဖြစ်ရင် ဒုက္ခတော်တော်ရောက်တယ်။ အခြေအနေတွေက ဘာမှပြောလို့မရတော့ဘူး။ လေယာဉ်က နေ့တိုင်းလာချနေတယ်”​ လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာ မိုးကုတ်မြို့ကနေ မန္တလေး နဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသဘက်ကို အဓိက စစ်ဘေးတိမ်းရှောင်ကြတယ်လို့ သိရပါတယ်။ 

မိုးကုတ်မှ မန္တလေးသို့ စစ်ဘေးတိမ်းရှောင်သူတွေဟာလည်း လမ်းခရီးစရိတ်ကြီးမြှင့်မှုနဲ့ကြုံနေရပြီး ခရီးသည်တစ်ဦးကို ကျပ် ၅ သိန်းပေးရတယ်လို့ စစ်ဘေးတိမ်းရှောင်လာသူတွေထံကနေ သိရပါတယ်။ 

ကားတွေက ခရီးသည်တွေကိုပဲ အဓိကတင်တော့တယ်။ သွားမယ့်သူတွေကများတော့ ကားတွေက မလောက်ငှဘူး။ ကားသမားတွေကလည်း ဒီနေ့ဆင်း မနက်ဖြန်ပြန်တက်လာကြို အဲ့လိုပဲလုပ်နေကြရတာ။ အဓိကတော့ မန္တလေးနဲ့ တောင်ကြီးဘက်ကိုသွားရှောင်ကြတယ် ၊​စျေးတွေကတော့ ကြီးတာပေါ့၊တစ်ယောက်ကို ငါးသိန်း ၆ သိန်း အဲ့ကနေ စရှိတယ် ” လို့ စစ်မရှောင်ဘဲ ကျန်ရှိနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် စစ်ဘေးတိမ်းရှောင်ရာမှာလည်း လမ်းပိုင်းစစ်ဆေးမှု ၊ လမ်းပိတ်ဆို့မှုတွေ ကြောင့် ကြန့်ကြာမှုတွေရှိနေတယ်လို့သိရပါတယ်။ 

မိုးကုတ်မြို့ပေါ်မှာ နေထိုင်သူ တစ်သိန်းနီးပါးရှိပြီး လက်ရှိမှာတော့ ကလေးသူငယ်၊ အမျိုးသမီးတွေ နဲ့ သက်ကြီးရွယ်အိုတွေက အဓိကထား စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *