ရွေးကောက်ပွဲဝင်ဖို့ ပြင်နေတဲ့ နိုင်ငံရေးပါတီ ၄ ခုကို ရွေးကောက်ပွဲကော်မရှင်ဖျက်သိမ်း 

စက်တင်ဘာ ၁၀ ၊ ရန်ကုန် 

လာမယ့်ဒီဇင်ဘာလ  စစ်တပ်က ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြတဲ့ နိုင်ငံရေးပါတီ ၄ ခုကို ပါတီမှတ်ပုံတင် ပယ်ဖျက်ပြီး ပါတီကို ဖျက်သိမ်းလိုက်ကြောင်း စက်တင်ဘာ ၉ ရက်နေ့မှာ  ကြေညာလာပါတယ်။ 

ဖျက်သိမ်းခြင်းခံရတဲ့ နိုင်ငံရေးပါတီတွေက အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နဲ့ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ တို့ပဲဖြစ်ပါတယ်။

 NDF ပါတီက ပါတီဝင်ဦးရေမပြည့်မှီသောကြောင့် ဖျက်သိမ်းတာဖြစ်ပြီး မွန်ပါတီနဲ့ကျန်ပါတီတို့မှာ ပါတီရုံးခန်း သတ်မှတ်အရေအတွက်မပြည့်မှီတာကြောင့် ၎င်းတို့ကိုသြဂုတ်(၉)ရက်နေ့မှစပြီး ဖျက်သိမ်းပယ်ဖျက်ရတာဟု ရွေးကောက်ပွဲကော်မရှင်ဘက်က ဆိုထားပါတယ်။

ဒီထဲက NDF ပါတီရဲ့ ဒုတိယဥက္ကဌဖြစ်သူ ဒေါ်စန္ဒာမင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှာ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ဖူးသူလည်းဖြစ်ပြီး ၂၀၂၃ နိုဝင်ဘာလ(၂၃)ရက်နေ့မှာ ပါတီမှတ်ပုံတင်ရရှိခဲ့ပါတယ်။

ပါတီမှတ်ပုံတင်အမှတ်တွေကို DNP ပါတီက ၂၀၂၃ ခုနှစ် ဇွန်လ(၉)ရက်နေ့မှာရရှိခဲ့ပြီး အမျိုးသမီးပါတီ(မွန်)ကလည်း အဆိုပါနှစ် ဇွန်လ(၂၃)ရက်နေ့မှာ ရရှိခဲ့ကာ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၁၂)ရက်နေ့မှာ  ခွင့်ပြုရရှိခဲ့ကြတာပါ။ 

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ တစ်နိုင်ငံလုံးယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေဟာ မြို့နယ်အားလုံးရဲ့ ထက်ဝက်ကျော်မှာ ပါတီရုံးခန်းဖွင့်လှစ်ရမှာဖြစ်သလို ပါတီဝင် ဦးရေ တစ်သိန်းပြည့်ရမှာလည်းဖြစ်ပါတယ်။ 

အခုလိုဖျက်သိမ်းလိုက်တာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၆ ခုသာကျန်ရှိတော့တာ လည်းဖြစ်ပါတယ်။ 

ရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အပါအဝင် ၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ်အထိ ပယ်ဖျက်ခဲ့တဲ့ပါတီပေါင်း (၄၉)ပါတီရှိထားပြီလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *