ဥရုမြစ်နဲ့ မြစ်လက်တက်ချောင်းတွေ ရေဆက်လက်မြင့်တက်နေ 

စက်တင်ဘာ ၁၇ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ ဥရုမြစ်နဲ့ သူ့ရဲ့မြစ်လက်တက်ချောင်းတွေဟာ မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွား နေတယ်လို့ သိရပါတယ်။ 

ယခု စက်တင်ဘာ ဒုတိယပတ်တွင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဥရုမြစ်လက်တက်တွေဖြစ်တဲ့ ချောင်းကြီးရေပါ ရေတိုးမြင့်နေတာပါ။

လက်ရှိချိန်ထိ ဥရုမြစ်ရေ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ဥရုမြစ်ဘေးနေ ကျေးရွာချင်းဆက်လမ်းပိုင်းတွေထိ ရေစတင် ဝင်ရောက်နစ်မြုပ်လာနေပြီလို့ စုံစမ်းသိရှိရပါတယ်။

ဒီနေ့ နောင်ပတ်နဲ့ ခဲနန်း အသွားလမ်းမကြီး ရေနစ်နေပြီလေ။ ဒူးခေါင်းလောက်ရှိတယ်။ ရေက တိုးနေတုန်းဆိုတော့ သွားရေးလာရေးက စိုးရိမ်ရတယ်။” လို့ နောင်ပတ်ဒေသခံတစ်ဦးက ပြောပြပါတယ်။

ရေကြီးကာ  လမ်းပိုင်း ပျက်စီးမှုတွေကြောင့် သွားလာရေးအခက်အခဲတွေဖြစ်တယ်လို့ဆိုကြပါတယ်။ 

မိုးက ရက်ဆက်သည်းနေတော့ ချောင်းကြီးရေပါ တိုးလာနေပြီ။ လက်ပံသာရွာအနားမှာဆိုရင် ရွာချင်းဆက်လမ်းတွေက နိမ့်တော့ ချောင်းရေက ဒီနှစ်ထဲမှာကို ခဏခဏ ရေနစ်တာ။ ခုလည်းပဲ ရေကျော်ရင် လမ်းတွေ ပျက်ပြန်ဦးမယ် ” လို့  ၎င်းက ဆက်ပြောပါတယ်။

ဥရုမြစ်ရေဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ ရေကြီးရေလျှံမှုတွေ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အရင်နှစ်တွေထက် နှစ်ဆမြင့်တက်ကာ လမ်းပိုင်းအများစုမှာရေလွှမ်းပြီး သွားလာရေးအခက်ခဲတွေဖြစ်နေကြောင်း ဒေသခံများကဆိုပါတယ်။

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေမှာ မိုးအလွန်များနိုင်ကြောင်း မိုးလေဝသအရေးလုပ်ဆောင်နေသူတွေက အသိပေးထားပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။ 

မိုးဇလကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာဖို့  ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *