
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ အပူဓာတ် မသိမသာနေရာယူလာချိန် အအေးဓာတ်ကို သိသိသာသာခံစားနေရဆဲဖြစ်သည့် ဌာနေဇာတိ ဒေသလေးဆီ တစ်ခေါက်တစ်ခါ ပြန်လည်ရောက်ခဲ့သည်။ ကိုယ့်ဇာတိလို့ဆိုပေမယ့် အလည်သာရောက်နိုင်တော့သည်။ ခရီးစရိတ်ကြီးမြင့်လာတာက တစ်ကြောင်း၊ လမ်းပိုင်းမှာလုံခြုံရေးအတွက် စိတ်မချရသည်ကတစ်ကြောင်း စသဖြင့် အကြောင်းသည်ကား များမြောင်လှသည်။
ပျားပန်းခတ်မျှ စည်ကားနေသည့် မန္တလေးမြို့မှ မြန်မာပြည်မြောက်ပိုင်းရှိ မိုးညှင်းမြို့ဆီသို့ ၊တောင်တန်းတွေပတ်လည်ဝိုင်းနေသည့် နယ်မြို့တစ်ဖြစ်လည်း ရှမ်းခေါက်ဆွဲအား ပုဇွန်ခြောက်ဟင်းရည်နှင့် တစ်ဘာသာတည်ခင်းသော မြို့ငယ်လေးဆီ………။
အထက်ပိုင်းသို့လေဆန်ခရီး
အချိန်မှာ ဖေဖော်ဝါရီလအစပိုင်းဖြစ်သည်။ ပြာသိုလဖြစ်၏။ မန္တလေးမြို့လည်ခေါင်ကနေ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ဆီဦးတည်သည့် Taxi အငှားယာဉ်ပေါ် ငြိမ်ငြိမ့်လေးအသာအယာယာစီးနင်းလိုက်ပါလာခဲ့သည်။ ယင်းနောက် လေဆိပ် check-in ဝင်ပြီး နာရီပိုင်းအကြာတွင် မြစ်ကြီးနားမြို့သို့ ပျံသန်းမည့် လေယာဉ်ပေါ် ထပ်မံတက်ခဲ့ပြန်၏။ ဤတစ်ကြိမ်၌တော့ သာသာယာမလိုက်ပါနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ရာသီဥတုသည် တိမ်ထူထပ်ပြီး မိုးရွာသွန်းနေမှုကြောင့် သိသိသာသာခါရမ်းနေသည်။ ထိုင်ခုံခါးပတ်များအား သေချာတပ်ဆင်ထားပေးပါရန် လေယာဉ်မယ်သတိပေးသံ ကြားရ၏။ စိုးရိမ်စရာအခြေအနေရယ်တော့မဆိုသာ။ များသောအားဖြင့် မြို့ကြီးနဲ့ ပြည်ပများသို့ ပြေးဆွဲသည့် လေယာဉ်ပေါ် ရှိ လေယာဉ်မောင်မယ်ကလေးများသည် ရုပ်ရည်ပျိုမြစ်ပြီး ချိုသာ၏။ သို့သော် ပြည်တွင်းနယ်မြို့များသို့ လိုက်ပါသည့် လေယာဉ်မောင်မယ်များသည် ရုပ်ရည်ပြေပြစ်သော်လည်း မာရေကျောရေရှိ၏။ ဆူပူမာန်မဲတတ်သည်။ မျက်နှာထား မူန်ကုပ်၏။ ခုလည်း ထိုနည်းလည်းကောင်း သည်အတိုင်းဖြစ်သည်။ခရီးသည်တို့ကား မျက်နှာငယ်များနှင့်။ လေအေးပေးစက် (Aircon)၏ အအေးဓာတ်သည်လည်း ချွေးများတလိမ့်လိမ့်ပင် စီးကျနေသည်။ ဌာနေအပြန်ခရီးသည် ဤသို့ဤနှယ်အစပြု၏။
မန္တလေးကနေ ဝေဟင်လမ်းမှ ညနေပိုင်း (၆)နာရီကျော်ကစတင်ထွက်ခွာခဲ့သည့် လေယာဉ်သည် လှုပ်ခါယမ်းခါနှင့် (၄၅)မိနစ်အကြာခန့်၌ မြစ်ကြီးနားမြို့သို့ ရောက်ရှိသည်။ အပေါ်စီးမှ မြို့၏ရူခင်းသည် ရင်သပ်ရူမောရသည်။ မှိန်ပြပြမီးရောင်ထိန်ညီးပြီး ပြိုးပြက်လက်နေသည်။ မြစ်ကြီးနားမြို့သည် ဧရာဝတီမြစ်ကမ်းနဖူးတစ်လျှောက် တည်ရှိနေသည့်မြို့ဖြစ်သည်။ မြို့ဘေးမှာ လှလှပပကွေ့ကောက်စီးဆင်းနေသည့် ဧရာဝတီမြစ်ကြီးအား အပေါ်စီးမှ ကန့်လန့်ဖြတ်ကျော်ခဲ့သည်။ သည့်နောက် လေယာဉ်ကိုယ်ထည်သည် တစ်ဖြည်းဖြည်းနိမ့်ဆင်းလာပြီး လေယာဉ်ဘီးချလိုက်သည်ကို ခံစားသိရှိမိသည်။ တစ်ဆက်တည်း အပြင်ဘက်ရှိ အေးဓာတ်သည် 21 ဒီဂရီဆဲလ်စီးယပ်စ်ရှိကြောင်း အသိပေးသံကြားလိုက်၏။ မှောင်ရိပ်သန်းနေသည့် ညဦးပိုင်း(၇)နာရီကျော်ချေပြီ။ မြစ်ကြီးနားလေဆိပ်မှ မြို့တွင်းတည်းခိုနေရာသို့ ရောက်ရှိပြီးသည်နှင့် မကြာခင်မှာပင် လက်နက်ကြီးသံများ တဂျိမ်းဂျိမ်းထွက်ပေါ်လာသည်။ ဒီအသံများက ကချင်ပြည်နယ်၏ အိပ်ပျော်စေဖို့ အသိပေးချက်အသံများကဲ့သို့ပင်ဖြစ်သည်။
သံလမ်းရိုးသို့အစုန်

မနက်လင်းသည်နှင့် လိုအပ်သည်များအား ပြင်ဆင်ပြီး မွန်းတည့်(၁၀)နာရီကျော်ကျော်၌ ဦးတည်ရာ နယ်မြို့လေးဆီ မြေပြင်ကုန်းလမ်းကနေ လိုင်းကားနှင့်ခရီးဆက်သည်။ ယခင်က မန္တလေးမှ မိုးညှင်း၊မိုးကောင်း၊မြစ်ကြီးနားမြို့တွေကို လိုင်းကားဖြင့် တစ်ညအိပ်ခရီးပေါက်ရောက်၏။ ယခုကာလသည် နယ်မြေမတည်ငြိမ်မှုများကြောင့် လမ်းပိုင်းအခြေအနေရူပ်ထွေးနေသည်။ သွားရေးလာရေးခက်ခဲနေချိန်ဖြစ်၏။ ထို့ကြောင့် လေကြောင်းမှတစ်ဆင့် ခရီးထွက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မန္တလေးမြို့မှ ကားလမ်းခရီးဖြင့် အစဉ်လိုက်လာရတဲ့မြို့တွေကို ပြောင်းပြန် စုန်ဆင်းရခြင်းဖြစ်သည်။ ရှည်လျားကျယ်ဝန်းလှသည့် လေတပ်စခန်းဌာချုပ်တံတိုင်းဘေးမှ မိနစ်အတန်ကြာ ကျော်ဖြတ်ခဲ့ရသလို သဲအိတ်များနှင့် စစ်တပ်ကင်းပုန်းတို့ချထားသည့် ‘ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ကြိုဆိုပါ၏’ ဆိုင်းဘုတ်လေးကိုလည်း လွန်ခဲ့သည်။ ထိုမှတစ်ဆင့် ဧရာဝတီမြစ်ကြီးကို ကျောခိုင်း၍ AD VAN ကားသေးဖြင့် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးကနေ တရွေ့ရွေ့ဆင်းလာခဲ့သည်။
ကားပေါ်၌ မိမိအပါအဝင် ခရီးသည် အမျိုးသမီး(၄)ဦးနှင့် ကလေးငယ်တစ်ဦးလိုက်ပါလာသည်။ထိုအချိန်သည် စစ်ကိုင်းတိုင်းရှိ ကသာမြို့၌ တိုက်ပွဲများပြင်းထန်နေစဉ်ကာလဖြစ်သည်။ အမျိုးသမီး(၂)ဦးနှင့် ကလေးငယ်တစ်ဦးတို့သည် ကသာမြို့မှ စစ်ဘေးတိမ်းရှောင်လာသူတို့ဖြစ်သည်ဟု သိရသည်။ မြစ်ကြီးနားမြို့၌ တစ်လနီးပါးယာယီခိုလှုံနေထိုင်ခဲ့ပြီး ရရာအလုပ်လုပ်ကိုင်သော်လည်း စားဝတ်နေရေးအလွန်ခက်ခဲခဲ့ကြ၏။ ထို့ကြောင့် မိုးညှင်းမြို့ပေါ်ရှိ စစ်ရှောင်စခန်းများ၌ ခိုလှုံရန်သွားရောက်မည်ဖြစ်ကြောင်း တစ်လှေတည်းစီး၊တစ်ခရီးတည်းသွားသူတွေချင်း သူတို့ရင်ဖွင့်ပြောပြခဲ့သည်။ အခြေအနေတည်ငြိမ်သွားပါက နေရပ်သို့ချက်ချင်းပြန်မည့်အကြောင်းလည်း ဆိုသည်။ လင်သားတို့သည် စစ်သားစုဆောင်းရေးဆွဲခေါ်ခံရပြီး အဆက်အသွယ်ပြတ်တောက်နေသည်ဟု သိရ၏။ ရုတ်တရက် ငြိမ်၍လိုက်ပါလာသည့် ငါးနှစ်သား ကလေးငယ်လေးက ” အဖေသာအနားရှိနေရင် ဒီထက်ပိုအဆင်ပြေမှာနော့အမေ” ဟု ဝင်ရောက်မေးခွန်းထုတ်သည်။ မိခင်ဖြစ်သူ အမျိုးသမီး၏ မျက်ဝန်းတို့သည် မျက်ရည်ကြည်တို့ လဲ့နေသည်။ ကားပြတင်းမှန်၏ ဟိုးအဝေးတစ်နေရာသို့ ငေးရင်းခွန်းတုံ့စကားတို့ မဆိုနိုင်လေပြီ။ အော် ……ကြပ်တည်းလွန်းသည့်ဘဝတွေ …။
နွေဦးကာလဖြစ်သည့်အလျောက် လမ်းဘေးဝဲယာတစ်လျှောက်ရှိ သရက်ပင်တို့၌ သရက်ပွင့်တို့ လှိုင်နေသည်။ အပွင့်များ ဖွေးဖွေးလှုပ်နေသည်။ ထိုမှ တစ်ရွာပြီး တစ်ရွာလွန်ခဲ့၏။ ယာဉ်မောင်းသည်လည်း စစ်တပ် စစ်ဆေးရေးဂိတ် တစ်ဂိတ်ပြီး တစ်ဂိတ်ရပ်ရသည်။ သုံးပေတစ်ဂိတ်သည် အမှန်ပင်ဖြစ်၏။ ခရီးသည်တို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်)များအား ယာဉ်မောင်းဦးလေးကြီးကား ကိုင်ဆောင်ထားရ၏။ ဂိတ်တစ်ခုရောက်လျှင် ကားရပ်၍ ဂိတ်တဲထံ အပြေးအလွှားသွားရောက်ပြီး ခရီးသည်အရေအတွက်နဲ့ မှတ်ပုံတင်တို့ကို ပြသရ၏။ အစစ်ဆေးခံရ၏။ ဂိတ်ကြေးပေးဆောင်ရ၏။အချို့သောဂိတ်များတော့ ဤမျှသာပြီးသည်။ အချို့သော ဂိတ်တွေမှာတော့ မသင်္ကာရင်မသင်္ကာသလို ကားနောက်ဖုံးများအား လှန်လှောဖွေရှာသည်။ လူစစ်သည်။ ဘယ်ကလာသည်၊ဘယ်ကိုသွားမည်၊ ဘာအကြောင်းကိစ္စနှင့် စသဖြင့် စသဖြင့် မေးခွန်းပေါင်းမြောက်များစွာကို ခရီးသည်တို့ဖြေဆိုရ၏။ မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်း၌ ဂိတ်ပေါင်း(၂၀)ကျော် ရှိသည်ဟု သိရသည်။ လေယာဉ်ပေါ် စတင်လိုက်ပါခဲ့သည့်အချိန်မှစပြီး ဇီးရွက်သာသာမျက်နှာသည် ဤအတိုင်းပင်ဖြစ်သည်။
ဤသို့ မိနစ်အတန်ကြာ မောင်းနှင်ခဲ့ပြီးနောက် မြစ်ကြီးနားခရိုင်၏ နောက်ဆုံးကျေးရွာဖြစ်သည့် နမ့်ခမ်းကျေးရွာသို့ရောက်ရှိခဲ့သည်။ ထိုကျေးရွာ၌ ခရီးသည်အားလုံးသည် လူကိုယ်တိုင် ဂိတ်တဲသို့ သွားရောက်အစစ်ဆေးခံရ၏။ မှတ်ပုံတင်များအား ဒီဂျစ်တယ်နည်းဖြင့် ကဒ်ထိုးစစ်၏။ ထိုကျေးရွာကိုလွန်သော် မိုးကောင်းမြို့နယ် နယ်မြေတွင်းသို့ ရောက်ရှိသည်။ သစ်တောတို့ ထူထပ်လာသည်။ လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်မှာ ရာဘာပင်တန်းများ တွေ့နေရသည်။ အသွေးအရောင်သည် ဝါဖျော့ဖျော့ဖြစ်၏။ အရွက်တို့ကင်းစင်သည့် သစ်ကိုင်းခြောက်သဏ္ဍာန်တူ ရာဘာပင်များ။ အချို့လမ်းဘေးနေရာများ၌ အသစ်စိုက်ပျိုးထားသည့် တန်ဖိုးကြီး ကျွန်းပင်တန်းနိမ့်နိမ့်ကလေးများက စီစီရီရီ ။ လမ်းတစ်လျှောက်လုံး၌ များစွာတွေ့မြင်ရသည်က သရက်ပင်နှင့်သရက်ပွင့်များဖြစ်သည်။ ရာသီဥတုသည် နေ့ခင်းပိုင်းရောက်ရှိလာသောကြောင့် အအေးဓာတ်လျော့နည်းလာ၏။ သို့သော် လေများသည် အေးမြလတ်ဆတ်ဆဲပင်။ ပတ်ဝန်းကျင်မြင်ကွင်းများအား ငေးမောနေစဉ် ကားနံဘေးကနေ ကုန်တင်ယာဉ်တို့သည် ရံဖန်ရံခါ အိပဲ့အိပဲ့နှင့် နှစ်စီးစ နှစ်စီးစ ဖြတ်ကျော်သွားတတ်သည်။ ဘုရားစူး ကုန်တင်ကားတို့ဖြစ်၏။ ကားခေါင်မိုးပေါ်၌ ကြပ်ဖာပုံးကြီးများ၊ ခြင်းတောင်းများအပြင် စားသုံးဆီပုံးအဝါအလွတ်ကြီးများအား စီထပ်ထားသည်မှာ လူ့အရပ်တစ်ပြန်ကျော် နှစ်ပြန်နီးပါး မြင့်သည်။ မိမိတို့လိုက်ပါလာသည့် AD VAN ယာဉ်သေး အမျိုးအစားများပင်ဖြစ်သည်။ကားအတွင်းပိုင်း၌ ခရီးသည်များလည်း တင်ဆောင်သည်ဟု မိမိတို့ ယာဉ်မောင်း၏ ပြောပြချက်အရသိရသည်။ထိုကဲ့သို့ ကားခေါင်မိုးများပေါ် ကုန်တို့တင်ဆောင်ပြေးဆွဲပါက လမ်းပိုင်းများ၌ ဂိတ်ကြေးပိုမိုပေးဆောင်ရသည်ဟုလည်း ဆို၏။ ဤသို့ဖြင့် ဒုတိယကမ္ဘာစစ်အတွင်း တည်ဆောက်ခဲ့သည့် လီဒိုလမ်းမကြီးနှင့် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးတို့ ဆုံစည်းရာ နမ္မတီးမြို့ငယ်အားရောက်ရှိလာသည်။ သကြားစက်တည်ရှိသည့် နမ္မတီးမြို့သည် စော်ဘွားခေတ်ကတည်းက တည်ထောင်ခဲ့သည့် ရှမ်းနီနှင့် တိုင်းလေ(နေ) တိုင်းရင်းသားတို့အများဆုံးနေထိုင်သည့် မြို့ငယ်လေးတစ်ခုဖြစ်သည်။
ထို နမ္မတီးမြို့မှ လွန်ပြီး တောင်ဘက်သို့ ဆက်လက်ထွက်ခွာခဲ့သည်။ ဆောင်းနှောင်းပိုင်းဖြစ်သည့်အလျောက် မိခင်သစ်ပင်ကိုယ်ထည်ကနေ သစ်ရွက်တို့စွန့်ခွာရန် တာဆူနေပြီ။ ပြီးနောက် လိမ္မော်ခြံများကိုလည်း တွေ့ရသည်။ တစ်ရွာ့နှင့်တစ်ရွာအကြားရှိ အလှူခံမဏ္ဍပ်တို့သည်လည်း ဝေဝေစည်စည်။ စစ်ဆေးရေးဂိတ်တဲတို့သည်လည်း မပြတ်ရှိနေသည်။ လယ်ယာစိုက်ပျိုးရေးအား အဓိကအားထားသည့် ဒေသဖြစ်သည်မို့ လယ်ကွက်များဖြင့် ကျေးရွာများကို ဆက်ထား၏။ ကျေးရွာအမည်နာမတို့သည်လည်း ခပ်ဆန်းဆန်း။ လမ်းခွကျေးရွာ၊ ကံလှကျေးရွာ သူဌေးကုန်းကျေးရွာ၊ စံပါရီကျေးရွာ စသဖြင့်လှပသည့် နာမည်တို့နှင့် ကားလမ်းဘေးက သာယာသည့် ကျေးရွာများ။

နာရီဝက်ကျော်ကျော်မျှ ခရီးဆက်ခဲ့ရာ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည့် နန့်ကောင်းချောင်းနှင့် နန့်ရင်းချောင်းတို့ ပေါင်းဆုံရာမြို့သို့ ရောက်ရှိသည်။ ရှမ်းနီတိုင်းရင်းသားတို့ပင် အများဆုံးနေထိုင်သည့် ရှမ်းလို ‘အိုးစည်မြို့’အဓိပ္ပာယ်မည်သည့် မိန်းကောင်း(ခေါ်)မိုးကောင်းမြို့ဖြစ်ပေ၏။ ရှမ်းစော်ဘွားတို့ အဆက်ဆက်အုပ်ချုပ်ခဲ့သည် မြို့လည်းဖြစ်သည်။ မိုးကောင်းမြို့နံဘေးမှ ချောင်းနှစ်ခုပေါင်းဆုံစီးဆင်းနေသည်ကို မိုးကောင်းချောင်းဟုပင်ခေါ်ဆိုသည်။ မိုးကောင်းချောင်းပေါ် ကန့်လန့်ဖြတ်ကူးထားသည့် မိုးကောင်းတံတားအား ဖြတ်ကျော်ပြီးမှ မြို့တွင်းသို့ ရောက်၏။ မြို့သည် အတော်အတန်ကျယ်ဝန်းပြီး အတန်သင့်စည်ကားသည့်မြို့လည်းဖြစ်သည်။ မိုးကောင်းငါးချဉ်သည် နာမည်ကြီးလူကြိုက်များ၏။ သည့်နောက် ခရီးတစ်ဝက်ခန့် ရောက်ရှိလာပြီဖြစ်သောကြောင့် မြို့အထွက်၌ ခရီးတစ်ထောက်နားပြီး နေ့လည်စာစားသောက်သည်။
မိုးကောင်းမြို့လမ်းပိုင်းကနေ မြောက်ဘက်သို့ဆိုလျှင် ကာမိုင်း ၊ကာမိုင်းမှတစ်ဆင့် ဖားကန့်မြို့နယ်သို့လည်း သွားရောက်နိုင်သည်။ သို့သော် မိမိတို့သည် တောင်ဘက်သို့သာမသွေမဖယ် ဦးတည်ခဲ့သည်။ မိုးကောင်းမြို့မှ ထွက်ခွာသည်မှစပြီး လယ်ယာမြေသည် ပိုမိုကျယ်ပြန့်လာသည်။ မိုးကောင်းမြို့မှ ဆားမှော်ကျေးရွာအထိသည် ကျယ်ပြောသည့် မိုးကုတ်စက်ဝိုင်းပင်။ သစ်တောတို့သည် အနည်းငယ်မျှသာတည်ရှိ၏။ လယ်ကွင်းပြင်တို့သာ မင်းမူနေသည်။မျက်စိတစ်ဆုံးသည် လယ်ကွက်တို့သည်သာ။ ကျေးရွာတို့သည် တစ်ရွာစနှစ်ရွာစသာ။ မိုးကောင်းမြို့မှ ဆားမှော်ကျေးရွာအထိ နာရီဝက်ခန့်မောင်းနှင်ရသည်။ ဆားမှော်ကျေးရွာမှစတင်ပြီး လယ်ကွင်းပြင်တို့သည် တစ်ဖြည်းဖြည်းကျဉ်းမြောင်းလာသည်။ သစ်တောစိမ်းတို့ ပြန်လည်နေရာယူလာသည်။ ဆားမှော်မှတောင်နီ ၊မင်းကုန်း ၊ သိုက်ဝါးကုန်း၊ အင်းကြင်းကုန်း ၊ပင်းဘော စသည့် မီးရထားသံလမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများအား ကျော်ဖြတ်ခဲ့သည်။ သည်ကျေးရွာများသည် မီးရထားလမ်းနှင့်ကားလမ်းတို့ကို အမှီသဟဲပြုပြီး စီးပွားရေးလုပ်ကိုင်ကြ၏။ မန္တလေးမြို့မှ ကားဖြင့်လာရောက်ပါက စစ်ကိုင်းတိုင်း ထီးချိုင့်လမ်းပိုင်းမှတစ်ဆင့် မိုးညှင်းမြို့သို့ ဝင်ရောက်ရသည်။မိုးညှင်းမြို့မှတစ်ဆင့် မြစ်ကြီးနားမြို့သို့ သွားရောက်ရသည်။ မီးရထားဖြင့်လည်း ထိုနည်းတူပင်ဖြစ်သည်။ အဆိုပါလမ်းပိုင်းများအား သံလမ်းရိုးဟုလည်း ခေါ်တွင်သည်။ ကချင်ပြည်နယ်ရှိ သံလမ်းသည် မြစ်ကြီးနားမြို့၌ အဆုံးသတ်၏။ ဆိုခဲ့သလို ခေတ်ကာလအခြေအနေတို့ကြောင့် ယခုမူ ဝေဟင်မှ လိုက်ပါခဲ့ရခြင်းဖြစ်သည်။
သည်လိုအဆင့်ဆင့်ဖြတ်ကျော်မောင်းနှင်ခဲ့ပြီး ရှမ်းလို “သိန်းငှက်လွင်ပြင်”ဟုအဓိပ္ပာယ်မည်သည့် “ဟိုပင်မြို့”သို့ ရောက်၏။ ဟိုပင်မြို့ ကို ဝင်ရောက်နိုင်ရန် တိုးဂိတ်ဖြတ်ရ၏။ မိုးညှင်းမြို့ကို ရောက်ရှိရန် နာရီဝက်မျှသာ လိုတော့သည်။ ဟိုပင်မြို့သည် မြန်မာနိုင်ငံ၏ အကြီးဆုံးအိုင်တည်ရှိရာ အင်းတော်ကြီးဒေသသို့ သွားရောက်နိုင်သည့်လမ်းပိုင်းပေါ်၌တည်ရှိသည်။။ သီပေါမင်းလက်ထက်၌ မိုးညှင်းမြို့မှ ခွဲထွက်ပြီး ကျေးရွာအသစ်တည်ထောင်ခဲ့ရာမှ မြို့ဖြစ်ပေါ်ခဲ့သည်။ ဟိုပင်မြို့မှ မိုးညှင်းမြို့လမ်းပိုင်းသည် ကျေးရွာခပ်စိတ်စိတ်ဖြစ်သည်။
ရှမ်းနီတို့၏မြို့မိန်းယန်း

မြစ်ကြီးနားမှ နေ့တစ်ဝက်ခန့် မောင်းနှင်ကုန်လွန်ပြီးသည့်နောက် ညနေလေးနာရီဝန်းကျင်တွင် ရှမ်းဘာသာဖြင့် “ဗျိုင်းမြို့” ခေါ်တွင်သည့် မိန်းယန်း(ခေါ်) မိုးညှင်းမြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိခဲ့သည်။ ဆင်ဖြူကျောကုန်းပေါ်၌ ဗျိုင်းနားသည့် ပြယုဂ်သည် မိုးညှင်းမြို့၏ အမှတ်လက္ခဏာဖြစ်သည်။ ဟိုပင်မြို့နှင့် မိုးညှင်းမြို့တို့သည် နန့်ရင်းချောင်းဖြတ်သန်းစီးဆင်းရာ မြို့များလည်းဖြစ်၏။ မိုးညှင်းမြို့သည် ခရိုင်မြို့ဖြစ်သည့်အလျောက် အစိုးရ ဆေးရုံကြီးနှင့် ပုဂ္ဂလိက ဆေးရုံအများအပြားတည်ရှိသည်။ ခရိုင်အတွင်းရှိ မြို့များနှင့် ကျေးရွာအားလုံးတို့သည် ကျန်းမာရေးနှင့်ပညာရေးအတွက်ဖြစ်စေ၊ကုန်စည်တို့အတွက်ဖြစ်စေ မှီခိုအားထားရာ မြို့တစ်ခုလည်းဖြစ်၏။ ရှည်လျားတောင်တန်းများ၏အကြားရှိ မြေပြန့်၌ တည်ရှိသည်။ ဆောင်းခါ၌ အအေးဓာတ်တို့အကဲပို၍ နွေခါ၌ တောတောင်တို့၏အရိပ်အာဝါသကြောင့် အပူဓာတ်လျော့သည်။ ရာစုနှစ်ပေါင်းများစွာ ကတည်းက ရှမ်းတွေ တည်ထားခဲ့တဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။

မိုးညှင်းမြို့မှာ ရှမ်းနီတိုင်းရင်းသားတို့ အများဆုံးနေထိုင်ကြပြီး ရှမ်းခေါက်ဆွဲအား ပုဇွန်ခြောက်ဟင်းရည်ဖြင့် တွဲဖက်စားသောက်သည့်မြို့ဖြစ်၏။ မနက်ခင်းအစားအစာ၏မရှိမဖြစ်သည် ရှမ်းခေါက်ဆွဲပင်ဖြစ်သည်။ ညခင်းစျေး၊မနက်ခင်းစျေးတို့၌ ခေါပုတ်၊ပေါင်းသင်းတို့အား ဖောဖောသီသီဝယ်ယူစားသုံးနိုင်သည်။ အညာဒေသမှာမတွေ့နိုင်သည့် အရသာတစ်မျိုးတစ်မည်ထူးသော ငါးပေါက်သီးနှင့်ငါးပေါက်ယိုတို့ လှိုင်လှိုင်ထွက်သည်။ ဖေဖော်ဝါရီလအစပိုင်း၊ဆောင်းမကုန်တကုန်ဆိုပေသည့် နံနက်ခင်း၌ မြူနှင်းတို့ပိန်းပိတ်နေသေးသည်။မေးရိုက်အေးနေသေးသည်။ နံနက်ခင်းစျေး၌လည်း လတ်ဆတ်သည့်ချောင်းငါးနှင့် အသီးအရွက်တို့သည် နေရာအပြည့်ယူထားကြ၏။ မိုးညှင်းမြိုအနီးတစ်ဝိုက် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည်ဖြစ်၍ မြို့ပေါ်စျေး၌ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တို့ လာရောက်ရောင်းချကြသည်။ လတ်လတ်ဆတ်ဆတ်ရှိသည်။ ကိုလိုနီခေတ်ကစလို့ ၂၀၂၁ ခုနှစ်အထိ မီးရထားနှင့် ကားလမ်းပိုင်းတို့ကြောင့် မြို့သည်တိုးတက်ဖွံ့ဖြိုးခဲ့၏။ အနီးကျေးရွာများနှင့် မြို့နေလူထုတို့ စီးပွားရေးချောင်လည်ခဲ့ကြ၏။ ကုန်စျေးနှုန်းတို့ သက်သက်သာသာရှိခဲ့၏။ သို့သော် ယခုငါးနှစ်အတွင်း၌ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်အား မတော်တရား အလူးအလဲခံနေကြရသည်။ မီးရထားတို့ပြေးဆွဲခြင်းမရှိ၊ ဘူတာရုံသည် ခြောက်ကပ်ကပ်။ အဝေးပြေးကားကြီးကွင်းသည်လည်း ပိတ်လျက်သား။
ထိုသို့သော ဦးတည်ရာဖြစ်သည့် မြို့ငယ်ထံ ခရီးဆုံးရောက်ရှိခဲ့ပေမယ့် ယခင်ကရရှိခဲ့ဖူးသည့် မြောက်ပိုင်းဒေသ၏အေးချမ်းမှုများကား မတွေ့ရှိခဲ့ပါ။ လှပသည့် သဘာပတ်ဝန်းကျင်တို့သည် မပြောင်းမလဲဆက်ရှိနေပေမယ့် လူတို့၏အမုန်းတရား၊ရန်ငြှိုးတွေသည် ကြီးထွားအကျဉ်းတန်နေသည်။ ဆောင်းနှောင်းချိန်၊ နွေဦးကာလ၏ နောက်ဆုံးလက်ကျန် အေးမြသည့်အငွေ့အသက်များအား ခံစားရင်း လူသားတို့၏ အာဃာတများသည်လည်း ဆောင်း၏နောက်ဆုံးနေ့ရက်များလို ပျောက်ကွယ်သွားပါစေကြောင်း…………..။
နန်းဆိုင်လောင်းရေးသားသည်။
