အညာဒေသမှာ စစ်တပ်ထောက်ပို့ MI-17 ရဟတ်ယာဉ်တစ်စီး ဒရုန်းနဲ့တိုက်ခိုက်ခံရ 

မကွေး PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ MI-17 ရဟတ်ယာဉ်ကို ဒရုန်းနဲ့တိုက်ခိုက်ပြီဂနောက်တွေ့ရစဉ်/ မကွေး PDF

ဇွန် ၂၄ ၊ မကွေး 

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17 ရဟတ်ယာဉ်တစ်စီးဟာ မနေ့က ဇွန်လ ၂၃ ၇က်နေ့ နေ့လည်ပိုင်းမှာ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 

မြိုင်မြို့နယ်တစ်နေရာမှာ ပျံသန်းဖို့ပြင်ဆင်နေတဲ့ MI-17 ရဟတ်ယာဉ်ကို မကွေးတိုင်းတော်လှန်ရေးပူးပေါင်းတပ်တွေက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။ 

မကွေး PDF က ထုတ်ပြန်ခဲ့တဲ့ ရုပ်သံတွေအရ လက်နက်ခဲယမ်းရိက္ခာတွေ နဲ့ တပ်သားတွေကို ချထားပြီးနောက် ပျံတက်ဖို့ ပြင်ဆင်နေချိန် ရဟတ်ယာဉ် ပန်ကာအနီးကို အသေခံဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီတိုက်ခိုက်မှုကို မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေး စစ်ကြောင်း၊   မကွေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway-PDF)နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ 

Mi-17 ရဟတ်ယာဉ်တွေဟာ စစ်ရေးပြင်းထန်တဲ့ဒေသတွေမှာ တပ်သားတွေကို ကယ်ထုတ်တာ ၊ ထောက်ပံ့ရေးတွေလုပ်ဆောင်မှုတွေကို အဓိကထားလုပ်ဆောင်ပြီး ၂၀၂၁ကနေ ၂၀၂၆ ခုနှစ်အထိ ၆ စင်းထိခိုက်ပျက်စီးထားခဲ့တာလည်းဖြစ်ပါတယ်။ 

အဲ့ဒီထဲမှာ နှစ်စင်းဟာ ပျံသန်းနေချိန်တိုက်ခိုက်ခံရတာဖြစ်ပြီး ကျန်တဲ့ လေးစင်းကတော့ ပျံသန်းဖို့ပြင်ဆင်နေချိန် တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။ 

၂၀၂၅ ခုနှစ်မှာ ဗန်းမော်မြို့တိုက်ပွဲအတွင်း လက်နက်နဲ့ရိက္ခာပစ္စည်းများလာချတဲ့ Mi-17 ရဟတ်ယာဉ်နှစ်စင်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း ၂၀၂၄ ခုနှစ်က ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကာလအတွင်း ဒဏ်ရာရ စစ်သားတွေကို သယ်ထုတ်ချိန် PDF တပ်တွေက ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် တံခါးရွက်နဲ့ အင်ဂျင်ထိခိုက်ပျက်စီးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *