
ဇွန် ၂၄ ၊ ဖားကန့်
မေလနောက်ဆုံးအပတ်ကနေ ဒီနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းနေတဲ့ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းတို့မှာ ရေကြီးရေလျှံမှုဟာ ရက်သတ္တပတ်နှစ်ပတ်ခန့်အထိ ဖြစ်ပွားနေပြီး ကျောက်စိမ်းနဲ့ ရွှေတူးဖော်ရေလုပ်ငန်းတွေအလွန်အကျွံပြုလုပ်ထားတဲ့ ဒေသတွေမှာ ရေလွှမ်းမိုးမှုကြာရှည်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ကချင်ပြည်နယ်က ဥရုချောင်းရိုးတစ်လျှောက်ရှိ ဆယ်ဇင်း၊ မှော်ဝမ်း၊လုံးခင်း၊ဆိပ်မူ၊မမုံ၊ရှဒူးဇွပ်ကျေးရွာတွေအပြင် မှော်ကျေးရွာပေါင်း (၃၀)ကျော်ခန့်နဲ့ ဖားကန့်မြို့ပေါ်က နေအိမ်အားလုံးနီးပါး ရေနစ်မြှုပ်နေတာဖြစ်ပါတယ်။
“မနေ့တစ်နေ့ကတော့ ရေနည်းနည်းကျသွားသေးတယ် မနေ့ကည ရေတွေပြန်တက်လာတယ် မိုးကလည်းခုထိရွာနေတုန်း ရွာတစ်ရွာလုံးလည်းမြှုပ်သွားပြီ ကုန်းလောက်ပဲကျန်တော့တာ နှစ်ထပ်အိမ်ဆို တစ်ထပ်လောက်ပဲကျန်တာ တစ်ထပ်အိမ်တွေဆိုအကုန်မြှုပ် ရှောင်နေကြရတာလေအခု အကုန်လုံးက ရေဘေးဒုက္ခသည်တွေကြီးပဲ” လို့ဖားကန့် ဒေသခံတစ်ဦးက ရေလွှမ်းမိုးမှုအခြေအနေကို ပြောပြပါတယ်။
ဖားကန့်မြို့နယ်ထဲ မိုးရွာသွန်းမှုဟာ ရက်သတ္တပတ်လေးပတ် (တစ်လ) ခန့် ကြာမြင့်နေပြီး ရေဝင်ရောက်နေမှုတွေဟာ နေအိမ်ခေါင်မိုးများသာ ကျန်ရှိနေသလို ဒေသခံတွေက အမြင့်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်း ၊စာသင်ကျောင်းနဲ့ ဘုရားကျောင်းတို့တွေမှာ ရေဘေးရှောင်ခိုလှုံနေကြကြောင်း သိရပါတယ်။





“ ရေဘေးကတော့တော်တော်ဆိုးနေတာ စျေးရောင်းဖို့တွေ၊စားဝတ်နေရေးအတွက်တွေ အကုန်ခက်သွားပြီ နေရာထိုင်ခင်းတွေမှအစလေ ဒီမှာနှစ်ပေါင်းသုံးဆယ်လောက်နေလာတာ ဒါမျိုးတစ်ခါမှမကြုံဖူးဘူး ဒီနှစ်မှဒီလိုဖြစ်တော့အကုန်လုံးက အံ့သြနေကြတာ ” စံချိန်တင်ရေနစ်မြှုပ်နေတယ်လို့ ဆယ်ဇင်းကျေးရွာသားတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်အတွင်းက မိုးညှင်း၊အင်းတော်ကြီးဒေသ၊မိုးကောင်း ၊မြစ်ကြီးနားမြို့နဲ့ အနီးကျေးရွာအားလုံးလည်း မိုးရက်ဆက်ရွာသွန်းသလို ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။
အလားတူ စစ်ကိုင်းတိုင်းအတွင်းရှိ ဟုမ္မလင်းမြို့နယ်မှာလည်း ဥရုမြစ်ဘေးဝဲယာက စေတီဆိပ် ၊နမ့်သာ ၊ နောင်ပါတ်၊ နောင်ခမ်း၊ နောင်ခဲ၊ တုမ်ခမ်၊ နောင်တော၊ မာလုံ၊ နမ့်စကား၊ ပေါက်ပင်၊ နောင်ပိုအောင်စံပြ၊ သဖန်းကုန်းနှင့် အောက်ဟဲခမ်းတို့အပါအဝင် ကျေးရွာပေါင်း(၂၀)ခန့်က ရေဘေးသင့်နေပါတယ်။
မြစ်ရေတွေဟာ နာရီပိုင်းမျှသာ အနည်းငယ်လျော့ကျခဲ့ပေမယ့် မိုးပြန်လည်ရွာသွန်းပါက ရေများပြန်လည်ပြည့်လျှံနစ်မြှုပ်လာတယ်လို့ ဒေသခံများက ဆိုကြပါတယ်။
ရေတိုက်စားမှုတွေကြောင့် နောင်ပိုင်အောင်နဲ့ ပင်းမခေါ်ကျေးရွာအကြားရှိ တံတားတစ်စင်းလည်း ပျက်စီးကျိုးကျမှုဖြစ်ပွားခဲ့ရာ ကူးသန်းသွားလာရေးအတွက် ပိုမိုခက်ခဲသွားကြောင်း အနီးနေထိုင်သူများထံမှ သိရပါတယ်။
ဒေသနှစ်ခုစလုံးမှာ ဒီလိုရေကြီးရေလျှံမှုကြာရှည်နေခြင်းကြောင့် ကျေးရွာချင်းဆက်တံတားများပျက်စီးခြင်း၊ ရေဖုံးလွှမ်းခြင်းတို့ကြောင့် လက်လှော်လှေများနဲ့ စက်တပ်လှေများသာ အသုံးပြုသွားလာနေကြရပြီး လမ်းပိုင်းတောင်ပြို၊မြေပြိုမှုတွေလည်းဖြစ်ပေါ်နေပါတယ််။
နောက်ထပ် စိုက်ပျိုးသီးနှံလယ်ယာများရေနစ်မြှုပ်ခြင်း၊ စျေးရောင်းစျေးဝယ်လုပ်ငန်းများ ရပ်တန့်နေရခြင်းနဲ့ ဝယ်ယူရန်ခက်ခဲတဲ့အခြေအနေတွေကြောင့် စားနပ်ရိက္ခာပြဿနာတွေအပြင် နေရေးထိုင်ရေးကိစ္စရပ်များပါ ကြပ်တည်းလာကြတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။
ဖားကန့်ဒေသမှာတော့ လှုမှုကူညီရေးအသင်းအဖွဲ့များက လက်လှမ်းမှီတဲ့ ကျေးရွာက ရေဘေးသင့်နေသူတွေကို စားနပ်ရိက္ခာပေးဝေပေးခြင်းနဲ့ ကူညီကယ်ဆယ်ပေးခြင်းတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်အတွင်းက ဥရုချောင်းရိုးတစ်လျှောက်နဲ့ ဟုမ္မလင်းက ဥရုမြစ်ကြောင်းတွေမှာ စက်ယန္တရားများနဲ့ ရွှေတူးဖော်မှုတွေ အလွန်များပြားနေတာဖြစ်ပြီး ရေဝေရေလဲချောင်းတွေ ပျက်စီးခြင်းတွေကြောင့် ဒေသတွေအတွင်းရေဝပ်မှုများကြာမြင့်နေတာလို့ ဒေသခံများက ဆိုကြပါတယ်။
မိုးလေဝသဌာနရဲ့ ဒီနေ့သတိပေးချက်မှာလည်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ မိုးကြီးခြင်း၊မိုးသီးကြွေကြခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်ပြီး ဟုမ္မလင်းမြို့ရဲ့ ချင်းတွင်းမြစ်ရေလည်း စိုးရိမ်ရေအမှတ် ၂ ပေအောက်အထိ ရောက်ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။
နေ့စဉ်သတိပေးချက်တွေမှာလည်း ရေကြီးရေလျှံမှုအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့် ဘေးလွှတ်ရာ ရှောင်တိမ်းနေထိုင်ကြဖို့ အကြိမ်ကြိမ်သတိပေးမှုတွေရှိနေပါတယ်။
