
ဇွန် ၂၅၊ ဝိုင်းမော်
ဝိုင်းမော်မြို့ကနေ တရုတ်နယ်စပ်ကန်ပိုင်တည်မြို့ ကိုသွားတဲ့ကုန်သွယ်ရေးလမ်းပိုင်းတစ်လျှောက်မှာ မိုးအဆက်မပြတ်ရွာသွန်းတွေကြောင့် တောင်ကမ်းပါးများပြိုကျပြီး ကုန်တင်ကားနဲ့ စက်သုံးဆီတင်ကားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လမ်းပိုင်းမှာ တောင်ပြိုကျမှုကြောင့် ကုန်ခြောက်နဲ့ ကုန်စိမ်းတင်ယာဉ်များအပြင် စက်သုံးဆီဘောက်ဆာကားများမှာ လမ်းပိတ်ဆို့မှုများကြောင့် အခက်တွေ့နေတယ်လို့ ဒေသခံများထံမှသိရပါတယ်။
“နဂိုပြိုတဲ့နေရာက လမ်းကပြန်ဖွင့်ပြီ အခုကရေတံခွန်နားမှာပြန်ပြိုနေတာတဲ့ အခုတစ်ခေါက်က ၃ ရက်လောက်ရှိပြီလေ ကားလေးတော့ရတယ် တွဲကားတွေဘောက်ဆာတွေ မရဘူး “ လို့ ကားသမားနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
ဇွန်လ ၂၁ ရက်နေ့က လမ်းပိုင်းတစ်လျှောက်ရှိ ဝေမိုးကျေးရွာနဲ့ လဖိုင်ကျေးရွာကြားက အနီးတစ်ဝိုက်နေရာများမှာ တောင်ပြိုကျခဲ့ပြီး သက်ဆိုင်ရာများက ရှင်းလင်းမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ယခုမှာတော့ ဆဒုံးမြို့ရေတံခွန်တောင်အနီးမှာ ထပ်မံပြိုကျတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဒေသများမှာ မိုးရာသီကာလအလျှောက် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နှစ်စဉ်တောင်ပြိုကျမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိတာလည်းဖြစ်ပါတယ်။
လမ်းပိုင်းတွေမှာ တောင်ပြိုကျမှုတွေကြောင့် ပိတ်မိနေတဲ့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော်KIA ကလည်း စစ်သားစုဆောင်းမှုတွေကို အဲဒီအနီးတဝိုက်တွေမှာ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“ ကားသမားတစ်ယောက်ပဲပါလို့ရတယ် စပယ်ယာမပါရဘူး။ ပါရင်လမ်းမှာဆွဲထားတာ လူပိုသွားလို့မရဘူးပေါ့ သွားရင်လူကအဲ့မှာဆင်းထားခဲ့ရတော့တာ ဟုတ်တယ်” လို့ဒေသခံတစ်ဦးကဆိုထားပါတယ်။
ဖားကန့်ဒေသအတွင်း ဝိုင်းမော်မြို့နယ်၊ဝါးရှောင်ကျေးရွာအထွက်မှစကာ လမ်းပိုင်းတစ်လျှောက်ကို KIA+PDF ပူးပေါင်းတပ်များကထိန်းချုပ်ထားတာ ၃ နှစ်နီးပါးကြာမြင့်နေပြီလည်းဖြစ်ပါတယ်။
မနေ့က ဇွန် ၂၄ ရက်နေ့ကလည်း ဖားကန့်မြို့၊ ကားမိုင်းလမ်းပိုင်းရှိ နန့်ယားရွာအလွန် (၉ ) မိုင်တံတားအနီးမှာ တောင်ပြိုပြီး လမ်းပိုင်းတွေပျက်စီးမှုကြောင့် ကုန်ကားကြီးနှစ်စီး တိမ်းမှောက် ခဲ့ပါတယ်။
