
ဇွန်(၂၅)၊ မုံရွာ
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ ဆက်သွယ်ရေးကားလမ်းပိုင်းနေရာအများစုကို စစ်ကော်မရှင်တပ်ဖွဲ့များက ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ ဒီနေ့ ဇွန်(၂၅)မှာ ထုတ်ပြန်လာပါတယ်။
ဒီလမ်းပိုင်းက မိုင်(၁၂၀)ကျော်ရှည်ပြီး အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး စီမံကိန်းလမ်းပိုင်းတစ်ခုဖြစ်သ လို နယ်စပ်ကနေ လမ်းတစ်လျှောက်ကကျေးရွာအားလုံးနီးပါးကို (၂၀၂၁)ခုနှစ်ကစပြီး တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးခဲ့တာလည်းဖြစ်ပါတယ်။
အခုလ ဇွန်(၂)ရက်နေ့ကနေ စတင်ပြီး ဇွန် (၂၂) ရက်နေ့ ရက်ပေါင်း(၂၀)အတွင်း လမ်းပိုင်းတစ်လျှောက်က ကျေးရွာ(၁၂) ရွာဖြစ်တဲ့ ရေလယ်ကျွန်း၊ ကျောက်လုံးကြီး တဲစု၊ ချောင်းမ ၊အောင်မင်္ဂလာ ၊ သစ်ရာပင်၊ ဝင်းကုန်း၊ညောင်ပင်လယ်၊ ယာကြီး၊ ကွမ်းပင်၊လာပို့ ၊စစ်လင်းချောင်းနဲ့ ထုံးကြီး ကျေးရွာတို့ကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဆိုထားပါတယ်။
နောက်ထပ် ဇွန်(၂၃)ရက်နေ့ကတော့ မင်းကင်းမြို့နယ်ရှိ ကျော်ကျေးရွာထိ စစ်တပ်ကရောက်ရှိနေပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသလို လုံခြုံရေးကိစ္စရပ်တွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အိန္ဒိယနယ်စပ်တမူးမြို့အထိ ဆက်သွယ်ထားပြီး ကျေးရွာအားလုံးကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ (Counter-Terrori-sm Operation) စစ်ဆင်ရေးနဲ့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အိန္ဒိယနယ်စပ် တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီး တမူးမှ ကလေး၊ ကလေးဝ မြို့တွေအထိ နဲ့ ယင်းမာပင်မြို့ကနေ မင်းကင်းမြို့နယ် ကျော်ကျေးရွာအထိကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပြီလည်းဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် အညာဒေသက တော်လှန်ရေးတပ်ဖွဲ့များက ဒီကျေးလက်ဒေသအားလုံးနီးပါးကို စိုးမိုးခဲ့တာဖြစ်ပြီး စစ်ကော်မရှင်ဘက်ကတော့ မြို့ပေါ်တွေကိုသာ လက်မလွှတ်ဘဲထိန်းထားနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဦးမင်းအောင်လှိုင်ရဲ့ မေလကုန်မှာ သွားရောက်ခဲ့တဲ့ ပထမဆုံးအိန္ဒယခရီးစဉ်မှာ အိန္ဒိယငွေကြေးအကူအညီဖြင့် နယ်စပ်ကုန်သွယ်ရေး စီမံကိန်းအဆင့်မြင့်တင်မယ့် ကလေးဝ-ယာကြီးလမ်းပိုင်းကို အကောင်အထည်ဖော်မယ်လို့ ကတိပေးခဲ့ပါတယ်။
