ကလေး-တမူး လမ်းပိုင်းအားလုံးကို ထိန်းချုပ်နိုင်ဖို့ မိုင်အနည်းငယ်သာ ကျန်ရှိနေ

ဇူလိုင် (၂၃)၊ ခမ်းပတ်

အိန္ဒိယနိုင်ငံနဲ့ မြန်မာ  နယ်စပ်လမ်းပိုင်းဖြစ်တဲ့ ကလေး-တမူးလမ်းပိုင်းအားလုံးနီးပါးကို စစ်တပ်ဘက်က ထိန်းချုပ်ဖို့ မိုင်အနည်းငယ်သာ ကျန်ရှိနေတော့တာကို လမ်းပိုင်းထိုးစစ်ဆင်နေမှု သတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် (၂၀) ရက်နေ့မှာ စစ်တပ်က တမူးမြို့နယ်   ခမ်းပတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မကြာသေးမီရက်ပိုင်းဖြစ်တဲ့ ဇူလိုင် (၂၁) ရက်နေ့မှာလည်း မြို့နဲ့ (၃) မိုင်ကျော်ခန့်သာ ကွာဝေးတဲ့ ကမ္မကြီးကျေးရွာတစ်ရွာလုံးကို ထပ်မံရောက်ရှိ သိမ်းယူထားပြီဖြစ်ကြောင်း စစ်တပ်ဘက်က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

အခုက ခမ်းပတ်မြို့ကနေ စစ်ကြောင်းထိုး ဆက်လက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်က ပြန်သိမ်းယူထားတဲ့ တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာနဲ့ ကမ္မကြီးကျေးရွာတို့အကြား အကွာအဝေးအားဖြင့် (၁၀) မိုင်ကျော်သာ ကျန်ရှိတော့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ခမ်းပတ်မြို့ကို သိမ်းပိုက်ထားပြီလို့ စစ်တပ်ဘက်က ပြောဆိုထားသော်လည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေက ဖြစ်ပွားနေဆဲဖြစ်ကြောင်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အခုနှစ် ဇွန်လ (၇) ရက်နေ့ကစလို့ စစ်တပ်က တမူးမြို့ဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ ကလေးမြို့ဘက်မှ စစ်ကြောင်းတစ်ကြောင်းနဲ့ ဒီလို နှစ်ဖက်ညှပ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းပေါ်ကို ဝင်ရောက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ကလေး-တမူးလမ်းပိုင်းဟာ မိုင်ပေါင်း (၈၀) ကျော် ရှည်လျားတာကြောင့် စစ်တပ်ဘက်က လမ်းပိုင်း (၉၀) ရာခိုင်နှုန်းခန့်ကို ပြန်လည်သိမ်းယူထားတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ပြင်းပြင်းထန်ထန် အသုံးပြုနေတာ တွေ့နေရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကလေး-တမူးလမ်းပိုင်းက ကျေးရွာပေါင်း (၅၀) ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *