
သြဂုတ်(၁၁)၊ မိုးညှင်း
မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပိတ်ဆို့နေတာ တစ်ပတ်နီးပါးကြာမြင့်လာပြီး ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးတာကြောင့် အခြေခံကုန်စည်တွေပြတ်လပ်လာနေပြီဖြစ်တယ်လို့ မိုးညှင်းဒေသခံတွေကပြောဆိုကြပါတယ်။
လမ်းပိုင်းပေါ်က မြို့နယ်တစ်ခုဖြစ်တဲ့ မိုးညှင်းမြို့မှာ ဘိလပ်မြေ၊ ကြက်ဥ၊ ကြက်စာ ၊ ဂျုံ တွေနဲ့ တခြားစားသောက်ကုန်တွေပြတ်လပ်နည်းပါးနေပြီလို့ ပြောဆိုကြပါတယ်။
“ ဘိလပ်မြေတွေက ဟုတ်တယ်ပြတ်နေတာ နဂိုကျန်ထားတဲ့ဆိုင်တွေကလည်း စျေးတက်တယ်လေ။ ကြက်ဥတွေဆိုလည်း ရှိကိုမရှိတာ။ လွန်ခဲ့တဲ့ရက်တွေကဆို ကြက်ဥကဝယ်လို့ကိုမရဘူး ဝယ်လဲမစားကြတော့ဘူးလေ ” လို့ မိုးညှင်းဒေသခံ တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။
မိုးညှင်းဒေသမွေးမြူရေးကြက်တွေအတွက် အစာတွေလည်းပြတ်လပ်မှုတွေဖြစ်ပေါ်နေတာကြောင့် ကြက်သားနဲ့ ကြက်ဥတွေလည်းရှားပါးနေပြီဖြစ်တယ်လို့ မွေးမြူရေးလုပ်ကိုင်နေသူတွေက ဆိုကြပါတယ်။
ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ဘိလပ်မြေတွေလည်း ပြတ်လပ်သွားပြီး လက်ကျန်ရှိနေတဲ့ ဆိုင်တွေမှာ တစ်အိတ်ကို ကျပ် ခြောက်သောင်းခွဲမှ တစ်သိန်းနီးပါးအထိ စျေးနှုန်းအမျိုးမျိုးဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ် ဧရာဝတီမြစ်အရှေ့ခြမ်းက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေဟာ မိုးညှင်းမြို့နယ်ကို ရွှေ့ပြောင်းစစ်ရှောင်လာကြတာလည်းဖြစ်ပါတယ်။
အဲ့တာတွေကြောင့် မိုးညှင်းမြို့ဟာ ယခင်ထက် လူဦးရေတိုးများလာနေပြီး အခြေခံစားသောက်ကုန်စည်တွေ ပိုမိုလိုအပ်နေတာလည်းဖြစ်ပါတယ်။
မန္တလေး-မြစ်ကြီးနားကားလမ်းပိုင်းဟာ လမ်းတစ်လျှောက်က ရေကြီးရေလျှံမှုကြောင့် လမ်းပိုင်းတွေပျက်စီးမှုဖြစ်ပြီး သွားလာလို့မရနေတာ တစ်ပတ်နီးပါးရှိလာပြီလည်း ဖြစ်ပါတယ်။
ကွင်းလမ်းတွေမှာ စိုးမိုးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကလည်း မန္တလေး-မြစ်ကြီးနားအဆင်းအတက်ယာဉ်များအားလုံးကို လမ်းပိုင်းပျက်စီးမှုတွေကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်တယ်လို့ သြဂုတ်လပထမအပတ်က ပြောထားပါတယ်။
လမ်းပိုင်းအတွင်းက အချို့နေရာတွေမှာ ရေလျော့ကျသွားပေမယ့် ပြန်လည်ပြုပြင်ရမယ့်နေရာတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။
“ မန္တလေးလမ်းကို အားမကိုးတာကြာပါပြီ အစစအရာရာ တရုတ်နယ်စပ်ကနေ မြစ်ကြီးနားကို ဝင်တဲ့ပစ္စည်းတွေ၊အစားအသောက်၊အဝတ်အစားမှအစ သုံးနေကြတာကြာပြီ အဝတ်တွေတော့စျေးပေါ့ပေမယ့် စားသောက်ကုန်တွေက စျေးကြီးတာပေါ့” လို့ မိုးညှင်းမြို့ပေါ်က အရောင်းဆိုင်အမျိုးသမီးတစ်ဦးက အခုလိုဆိုပါတယ်။
မိုးညှင်း၊မိုးကောင်းအပါအဝင် ကချင်ပြည်နယ်က လိုအပ်တဲ့ စားသောက်ကုန်တချို့ကို တရုတ်နယ်စပ်ဒေသဘက်ကဝင်ရောက်မှုတွေရှိနေပေမယ့်လည်း ဩဂုတ်လအစပိုင်းမှာပဲ တရုတ်ကုန်စည်စီးဆင်းမှုတွေကို တင်းကြပ်ထားတာလည်းဖြစ်ပါတယ်။
မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းကို (၂၀၂၃) ခုနှစ်နောက်ပိုင်းကနေစပြီး တိုက်ပွဲတွေကြောင့် ဗျူဟာလမ်းမကြီးကို အသုံးပြုနိုင်ခြင်းမရှိတော့ဘဲ ကွင်းလမ်းကနေသာ ဖြတ်သန်းသွားလာနေကြတာဖြစ်သလို၊ လမ်းပိုင်းအခွန်များပြားမှုတွေကြောင့်လည်း ဒေသတွင်းမှာ ကုန်စျေးနှုန်းမြင့်တက်ခဲ့တာ ယနေ့အချိန်ထိဖြစ်ပါတယ်။
