
ဩဂုတ် ၁၉ ၊ မိုးကောင်း
ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ် ဗျူဟာလမ်းပိုင်းပေါ်ရှိ အင်ကြင်းကုန်းကျေးရွာ၊ အနောက်ဘက်ခြမ်းမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ (၅၆၅) နဲ့ KIA+PDF ပူးပေါင်းတပ်တို့ (၂) ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့က ဩဂုတ်လ (၁၈)ရက် နေ့ မှာ SNAရဲ့ ကာကင်းစခန်းကုန်းကို KIA+PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားလာတာ ဒီနေ့အထိဖြစ်တယ်လို့ ဆိုပါတယ်။
“ မနေ့ကဖြစ်တာ မနက်ပိုင်း (၅) နာရီလောက်မှဖြစ်တာ SNA ကတောင်ကုန်းဖက်မှာ ကာကင်းလေးလုပ်ထားတာ အဲ့ဒါကို ဟိုဘက်က လာတိုက်တာ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
လက်ရှိမှာတော့ SNA တပ်မဟာ (၅၆၅) က နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေသလို စစ်ရေးတွေဟာ တင်းမာနေဆဲဖြစ်နေတယ်လို့လည်း သိရပါတယ်။
အင်ကြင်းကုန်းကျေးရွာဟာ အင်းတော်ကြီးဒေသရဲ့ထွက်ပေါက်လမ်းတစ်ခုဖြစ်သလို အင်းတော်ကြီး-ကာမိုင်း-ဖားကန့်ကို သွားလို့ရတဲ့ ခရိီးစဉ်တိုတဲ့လမ်းပိုင်းဖြစ်ပြီး ပြည်ထောင်စုလမ်းမပေါ်မှာ တည်ရှိနေတာလည်းဖြစ်ပါတယ်။
မိုးကောင်းမြို့နယ်အတွင်းကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ရဲ့ တပ်မဟာ(၅၆၅)က ပြီးခဲ့တဲ့ (၂၀၂၅)ခုနှစ်ပိုင်းမှာ ဝင်ရောက်စိုးမိုးခဲ့တာလည်း ဖြစ်ပါတယ်။
