
ဩဂုတ် (၁၉)၊ ဝိုင်းမော်
ကချင်ပြည်နယ်က ရှမ်းတိုင်းရင်းသားတွေရဲ့ မှတ်ပုံတင်မှာ လူမျိုးစုအမည်မှားယွင်းနေမှုအပေါ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြန်လည်စိစစ်ပြင်ဆင်ပေးမှာဖြစ်ကြောင်း ဆိုလာပါတယ်။
လဝကဝန်ကြီးဦးမြင့်ကြိုင်နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့တွေ့ဆုံဆွေးနွေးမှုတွေမှာ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းတင်အောင်ရဲ့ တင်ပြမှုအပေါ် လဝကဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာလို့ဆိုပါတယ်။
ရှမ်းလူမျိုးဒေသခံများရဲ့ နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်စာရင်းမှာ မိဘနှစ်ပါးက ရှမ်းတိုင်းရင်းသားတွေဖြစ်နေပေမယ့် သားသမီးတွေက အခြားတိုင်းရင်းသားလူမျိုးတွေဖြစ်နေမှုကြောင့် ပြောင်းလဲပြုပြင်ရေးတွေကိုလုပ်ဆောင်ဖို့ ရှမ်းရေးရာဝန်ကြီးက တင်ပြပြောဆိုခဲ့တယ်လို့သိရပါတယ်။
“ ပြန်လည်စိစစ်ပြီး ပြင်ဆင်ပေးမည်ဖြစ်ကြောင်း၊ ပြင်ဆင်မှု မပေးလျင် အဆင့်ဆင်သို့ တစ်ဦးချင်းစီမဟုတ်ဘဲ စုပေါင်းတင်ပြစေလိုကြောင်း” လို့ တွေ့ဆုံဆွေးနွေးပွဲ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
စာပေ၊ယဉ်ကျေးမှုအဖွဲ့ကနေ လူမျိုးအမည်မှန်ပြင်ဆင်ပြီး ပြည်နယ်ဝန်ကြီးချုပ်ကနေတဆင့် လွှတ်တော် ၊ သမ္မတတို့ကို တင်ပြရမယ်လို့ လဝကဝန်ကြီးက ပြောပါတယ်။
ကချင််ပြည်နယ်ထဲက ရှမ်းနီတိုင်းရင်းသားတွေရဲ့ မှတ်ပုံတင်တွေမှာ ရှမ်း၊ ရှမ်းဗမာ၊ ရှမ်း+ဗမာ၊ ဗမာ စသဖြင့် အများဆုံးဖော်ပြခံထားရပြီး (၂၀၂၂ )ခုနှစ်မှာ ကျေးရွာအုပ်စုအလိုက် “ဗမာ” လို့ လဝက ဌာနက ပြောင်းလဲဖော်ပြခဲ့ကြောင်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
UID/Smart Card တွေမှာ လူမျိုးစုအမည်မှားယွင်းနေမှုကို ဒေသခံတွေက ပြင်ဆင်ပေးရေးလုပ်ဆောင်ချိန်မှာ အင်တာနက်ပြတ်တောက်မှုကြောင့် ပြင်ဆင်နိုင်ခြင်းမရှိကြောင်းကိုလည်း လဝကဝန်ထမ်းတွေက အကြိမ်ကြိမ် ငြင်းဆိုကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ရှမ်းနီအသံကိုပြောပါတယ်။
တိုင်းရင်းသားရေးရာဝန်ကြီးဌာနကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တိုင်းရင်းသားအခွင့်အရေးနစ်နာမှုမရှိစေရေးအတွက် လူမျိုးစု အမည်စာလုံးပေါင်းအမှန်ကို တင်ပြဖို့ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့အသီးသီးကို ညွှန်ကြားထားတယ်လို့လည်းသိရပါတယ်။
