
ဩဂုတ် ၁၈ ၊ ပင်လည်ဘူး
စစ်ကိုင်းတိုင်းအတွင်း NUG အပြည့်အဝထိန်းချုပ်ထားတဲ့ ပင်လည်ဘူးမြို့နယ်ကို စစ်တပ်က သုံးရက်အတွင်း နေရာ (၆) ခုထက်မနည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့မှ ဒီနေ့အထိ ကင်းပန်းရွာ၊ မံစီလေးဆေးရုံ၊ ပေကုန်းရွာ၊ မြစေတီရွာ၊ မိုင်းတာလုံရွာ၊ လက်ဆည်ကန်နဲ့မြေသာလမ်းခွဲ စတဲ့နေရာတွေမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
“ ခုလေယာဉ်ဝဲနေတယ်၊ မိုင်းတုံးတာဘက် ပစ်သွားတာ၊ရွှေကျင်းကို ၈ ဦးလောက်ထိ(သေ)ပြီ” လို့ ဒီနေ့ ဩဂုတ်လ (၁၈) ရက်နေ့ နေ့လည်ပိုင်းမှာ ပင်လည်ဘူးဒေသခံတစ်ဦးက ပြောပါတယ်။
ဩဂုတ်လ (၁၇) ရက်နေ့မှာ မံစီလေး NUG ဆေးရုံ (ယခင် တိုက်နယ်ဆေးရုံ) မှာ လေကြောင်းမှ ဗုံးတစ်လုံး၊မြစေတီ နဲ့ ပေကုန်းကျေးရွာတွေကိုလည်း လေကြောင်းမှ ဗုံးတစ်လုံးစီကြဲချခဲ့တယ်လို့ သိရပါတယ်။
“မနေ့က ကျနော်တို့သွားတာ ကိုယ့်တွေ့ကြုံခဲ့ရလို့ဆိုင်ကယ်နဲ့ထွက်ပြေးခဲ့ရတယ်။ မံစီလေး NUG ဆေးရုံ လုံးဝရစရာမရှိအောင်ပျက်စီးသွားတယ် ။ လူတွေက ကြိုရှောင်ထားလို့မထိခိုက်ကြဘူး” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။
မနေ့က တိုက်ခိုက်ခံရမှုကြောင့် ဆေးရုံက လုံးဝပျက်စီးသွားပေမယ့် လူနာတွေနဲ့ ဝန်ထမ်းတွေက ကြိုတင်ရှောင်ရှားနိုင်တာကြောင့် အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
ဒီနေ့ နေ့လည်ပိုင်းမှာလည်း မိုင်းတုံးတာကျေးရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ( ၈) ဦးအထိရှိတယ်လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ပင်လည်ဘူးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွေဟာ NUG ဖမ်းဆီးထားသူတွေ မကြာခဏ လွတ်မြောက်သွားပြီးနောက်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲတွေလို့ ဒေသခံတွေကြား ပြောဆိုမှုတွေရှိနေပါတယ်။
ပင်လည်ဘူးမြို့နယ်ကို NUG က (၂၀၂၅) ခုနှစ်မှာ အပြည့်အဝထိန်းချုပ်ပြီးတဲ့နောက် အုပ်ချုပ်ရေးနဲ့ စစ်ရေးဆိုင်ရာ စီမံခန့်ခွဲ ၊လည်ပတ်မှုတွေကို ပြုလုပ်နေတဲ့နေရာလည်းဖြစ်ပါတယ်။
ပင်လည်ဘူးမြို့ပေါ်ကိုတော့ ဒေသခံတွေဟာ အများအပြားပြန်လည်ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးဘဲ မြို့အနီးက ကျေးရွာတွေမှာသာ နေထိုင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
