
စက်တင်ဘာ (၄) ၊ နေပြည်တော်
အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ဖိတ်ကြားမှုအရ သမ္မတ ဦးမင်းအောင်လှိုင်က ဒီနေ့ စက်တင်ဘာလ (၄) ရက်နေ့ နေ့လည်ပိုင်းမှာ သွားရောက်နေပါတယ်။
( ၆)ရက်နေ့အထိ သုံးရက်တာခရီးစဉ်အတွင်းမှာ ဗီယက်နမ်-မြန်မာ စီးပွားရေးဖိုရမ်ကိုလည်း သူကိုယ်တိုင်ပါဝင်တက်ရောက်ဖို့ရှိနေတယ်လို့ သတင်းတွေကထွက်ပေါ်နေပါတယ်။
ဗီယက်နမ်နိုင်ငံကို မြန်မာအာဏာပိုင်အဖွဲ့တွေမသွားရောက်တာ (၂၀၂၁) ခုနှစ်ကတည်းကဖြစ်ပြီး ရွေးကောက်ပွဲပြီးတဲ့နောက် အာဆီယံနိုင်ငံဆီကို တတိယမြောက်သွားရောက်တဲ့ခရီးလည်းဖြစ်ပါတယ်။
သူ့ရဲ့ခရီးစဉ်ကြောင့် Justice for Myanmar အဖွဲ့က ဗီယက်နမ်နိုင်ငံကိုရှုတ်ချထားပြီး ဗီယက်နမ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်အုပ်စုနဲ့ကြံရာပါ ပတ်သက်မှု ပိုနက်ရှိုင်းစေမယ့်လုပ်ရပ်သာဖြစ်တယ်လို့ မနေ့က စက်တင်ဘာလ (၃) ရက်နေ့မှာ ပြောဆိုထားပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့စစ်တပ်ပိုင် မိုင်တဲ(Mytel) ကုမ္ပဏီ နဲ့ မြန်မာ့စစ်တပ်ရဲ့ ဦးပိုင် ကုမ္ပဏီတို့ပူးပေါင်းပြီး နိုင်ငံအဆင့် ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ Mytel ဆက်သွယ်ရေးအော်ပရေတာ ပူးပေါင်းဆောင်ရွက်တာ( ၁၀) နှစ်ရှိလာပြီး လုပ်ငန်းလည်ပတ်တာလည်း (၈) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
မြန်မာ့လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်တွေအပြင် နည်းပညာနဲ့စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာအထောက်အပံ့တွေကို ဗီယက်နမ်နိုင်ငံက ဆောင်ရွက်ပေးနေတယ်လို့ JFM က ဆိုပါတယ်။
“ စီးပွားရေးပတ်သက်မှုတွေကနေတဆင့် စစ်အုပ်စုနဲ့ကြံရာပါပတ်သက်မှုတွေကို ပိုမိုနက်ရှိုင်းလာအောင် လုပ်ဆောင်နေမှုတွေအပေါ် ရှုတ်ချတယ်” လို့ JMF ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ဗီယက်နမ်ကြားကုန်သွယ်ရေးလုပ်ငန်းတွေမှာလည်း အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ( ၇၀) ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ကာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ ကန်ဒေါ်လာ (၅၉၀) သန်းပြန်လည် ကုန်သွယ်နိုင်ခဲ့တယ်လို့ နှစ်နိုင်ငံထုတ်ပြန်မှုအရသိရပါတယ်။
ဒီနှစ် ပထမ (၆) လအတွင်း ဒေါ်လာ (၃၃၅) သန်းအထိ အပြန်အလှန်ကုန်သွယ်မှုရှိခဲ့ပြီး နှစ်ကုန်ရင် ကန်ဒေါ်လာ ၁ ဘီလီလျံရှိလာမယ်လို့ မျှော်လင့်ကြောင်း ဆိုထားပါတယ်။
ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ စုစုပေါင်း မတည်ရင်းနှီးငွေ ဒေါ်လာ (၁ ဒသမ ၄) ဘီလီယံရှိတဲ့ တရားဝင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (၁၀၇) ခုရှိတာလည်းဖြစ်ပါတယ်။
