
အောက်တိုဘာ (၁) ၊ အစ္စရေး
စက်တင်ဘာ(၃၀)ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ဒူဘိုင်းကနေ အစ္စရေးနိုင်ငံ တယ်လ်အဗီးမြို့ကို ပျံသန်းတဲ့ Flydubai လေယာဉ်ပေါ် တွဲဖက်လေယာဉ်မှူးက လေယာဉ်မှူးကြီးကို မောင်းနှင်နေစဉ်ဓားနဲ့ထိုးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ ရိုက်တာသတင်းဌာန နဲ့ အရှေ့အလယ်ပိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
ခရီးသည် (၁၇၄)ဦး လိုက်ပါလာတဲ့ ဒီလေယာဉ်ပေါ် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားပြီးနောက် မောင်းနှင်သူလေယာဉ်မှူး (ကပ္ပတိန်) ဒဏ်ရာရရှိခဲ့ကာ လေယာဉ်ကိုယ်ထည်ဟာ စက္ကန့်(၃၀)အတွင်း ပေ တစ်သောင်းလေးထောင်အထိ ထိုးဆင်းသွားခဲ့ပါတယ်။
ဒါပေမယ့် ကံကောင်းထောက်မပြီး ဓားထိုးခံထားရတဲ့ကပ္ပတိန်က လေယာဉ်မောင်းခန်းတံခါးခလုတ်ကို ဖွင့်နိုင်ခဲ့တာကြောင့် ခရီးသည်များက တွဲဖက်လေယာဉ်မှူးကို ဝိုင်းဝန်းထိန်းချုပ်ဖမ်းထားခဲ့ကြတယ်လို့ သိရပါတယ်။
ဒီလေယာဉ်ပေါ်မှာလည်း ခရီးသည်အဖြစ်လိုက်ပါလာတဲ့ အခြားလေယာဉ်မှူး(၂)ဦး ပါရှိခဲ့တာကြောင့် လေယာဉ်ကို ဆော်ဒီအာရေဗျနိုင်ငံ ၊တာဘတ်ခ်မြို့မှာ အရေးပေါ်ဆင်းသက်နိုင်ခဲ့ပြီး ခရီးသည်ထိခိုက်သူတွေတော့ မရှိခဲ့ပါဘူး။
အကြမ်းဖက်ခဲ့တဲ့ တွဲဖက်လေယာဉ်မှူးက အိုမန်နိုင်ငံသားလို့ ဖော်ပြမှုရှိနေသလို အချို့လည်း ရရှားနဲ့ ယူကရိန်းနိုင်ငံသားဖြစ်ကြောင်း ပြောထားပြီး ဒဏ်ရာရခဲ့တဲ့ လေယာဉ်မှူးကြီးက အိန္ဒိယနိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ အကြမ်းဖက်ခဲ့သူ လေယာဉ်မှူးကို အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေပြီး နောက်ပိုင်းမှာ အစ္စရေးနိုင်ငံသို့ ပျံသန်းမယ့်လေကြောင်းလိုင်း လေယာဉ်မှူးတိုင်းရဲ့ ကိုယ်ရေးအချက်အလက်နဲ့နောက်ကြောင်းရာဇဝင်တွေကို အစစ်အဆေးတင်းကြပ်သွားမယ်လို့ အစ္စရေးအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနကို ဖြေကြားထားပါတယ်။
ဒီဖြစ်ရပ်ကြောင့် အစ္စရေးနိုင်ငံသို့ ပြေးဆွဲနေတဲ့ Flydubai လေကြောင်းလိုင်းရဲ့ လေယာဉ်ခရီးစဉ်အားလုံးကို ယာယီဆိုင်ငံ့ရပ်နားထားမယ်လို့ လေကြောင်းလိုင်းဘက်က ထုတ်ပြန်မှု ရှိထားပြီး အဆောတလျင်ကြိုတင်သုံးသပ်ချက်တွေ မပြုလုပ်ဖို့ တောင်းပန်ထားပါတယ်။
စုံစမ်းစစ်ဆေးရေးတွေပြုလုပ်နေဆဲဖြစ်တာကြောင့် အခုကိစ္စရပ်အတွက် မည်သည့်အဖွဲ့အစည်းက ကြိုးကိုင်ခိုင်းစေတယ်လို့ ပြောဖို့အတွက်ကို စောလွန်းနေသေးကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း သတင်းထောက်တွေကို ဖြေကြားထားပါတယ်။
