Covid 19 ကာကွယ်ဆေးထိုးပြီး ကိုက်ခဲမှုများ ၊ ဖျားနာခြင်း နှင့် ချမ်းစိမ့်စိမ့် စသည့် ဝေဒနာများခံစားရ

ဇန်နဝါရီ ၂၉ ၊ မိုးညှင်း

အိန္ဒိယမှ ထုတ်လုပ်သည့် Covid 19 ကာကွယ်ဆေးကို ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်ကာကျန်းမာရေးဝန်ထမ်းများကို  ထိုးနှံပြီးနောက်ပိုင်း ကိုက်ခဲမှုများ ၊ ဖျားနာမှုများ စသည်တို့ကို ခံစားရသည်ဟု ကျန်းမာရေးဝန်ထမ်းများကဆိုကြသည်။ 

“ ထိုးပြီးတော့ ၂ နာရီလောက်ကြာတဲ့အခါမှာ ချမ်းစိမ့်စိမ့်ဖြစ်လာတယ်။ ခေါင်းနည်းနည်းမူးတာတွေ ဖြစ်တယ်။ ကြွက်သားတွေကိုက်လာတယ်။ ရာသီတုတ်ကွေးလိုမျိုးပေါ့ ။ ညပိုင်းတော့ ငွေ့ငွေ့လေးဖျားချင်လာသလိုဖြစ်တယ်။ ကျွန်တော်က အကိုက်အခဲပျောက်ဆေးသောက်ထားတော့ အဆင်ပြေပါတယ်။ အခုတော့ သက်သာလာပြီ ။ နည်းနည်းတော့ကျန်သေးတယ်” ဟု လက်ထက်ဆရာဝန် ဒေါက်တာ စိုင်းကျော်လင်းထွန်းက ရှမ်းနီအသံကိုပြောသည်။ 

၎င်းတို့နှင့်အတူ ထိုးနှံခဲ့သည့် လုပ်ဖော်ကိုင်ဖက် (၁ဝ)ဦးတွင် (၈) ဦးထိ ထိုဝေဒနာများကို ခံစားရပြီး ဝမ်းပျက်မှုတချို့လည်းရှိသည်ဟုဆိုသည်။ 

ထို့ပြင် ကာကွယ်ဆေးထိုးပြီးသည့် ကျန်းမာရေးဝန်ထမ်းများ၏ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ဖျားနာခြင်း ၊ ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း ၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း စသည့် လက္ခဏာများ ခံစားရသည်ဟု ရေးသားကြသည်။ 

သက်ပြည့်ပင်စင်ရခါနီး အသက်အရွယ်ကြီးနေသည့်  ကျန်းမာရေးဝန်ထမ်း ပါ့နန်းရွှေရုံ သည်လည်း  ကာကွယ်ဆေးထိုးပြီး ၂၄ နာရီအတွင်း ဖျားနာမှုကို ခံစားရကာ  ပြန်လည်သက်သာလာခဲ့ပြီဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ပြောဆိုထားသည်။ 

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဆေးထိုးပြီးနောက် လူ(၁ဝ)ဦးတွင် (၁)ဦးခန့်သာ ဖျားခြင်း ၊ အန်ခြင်း ၊ ရာသီတုတ်ကွေးကဲ့သို့ သာမာန်လက္ခဏာများ ခံစားရနိုင်ခြေရှိသည်ဟု ထုတ်ပြန်ထားသည်။ 

“ အသက်ကြီးတဲ့သူတွေထိုးရင်လည်းပြဿနာကြီးကြီးမားမားရှိမယ်လိုတော့မထင်ပါဘူး” ဟု ဒေါက်တာ စိုင်းကျော်လင်းထွန်းကဆိုသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီး၏ သတင်းထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၇-၂၈ နှစ်ရက်တွင် ကျန်းမာရေးဝန်ထမ်း (၆၈၂၇၉)ဦးကို ထိုးနှံခဲ့သည်ဟု ဆိုသည်။ 

ပြည်သူလူထုများကိုလည်း ကာကွယ်ဆေးထိုးနှံရေးအတွက် စာရင်းကောက်ယူမှုများ ဆောင်ရွက်နေပြီး ကာကွယ်ဆေး ထိုးသင့် မထိုးသင့် ကိစ္စရပ်များတွင် ဝိဝါဒကွဲပြားမှုများရှိနေကြသည်ဟု ရှမ်းနီအသံက စုံစမ်းသိရှိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *