KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကြောင့် ရှမ်းစစ်ဘေးရှောင် အိမ်ထောင်စု ငါးထောင်ကျော်အထိရှိလာပြီး အကူအညီလိုအပ်နေ

မေ ၁ ၊ ဗန်းမော်

မိုးမောက်မြို့နယ်အတွင်း ယခုရက်ပိုင်းအတွင်း KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကြောင့် ရှမ်းစစ်ဘေးရှောင် အိမ်ထောင်စု ငါးထောင်ကျော်ထိ ရှိလာပြီး အကူအညီများလိုအပ်နေကြောင်း ထိုစာရင်းများသွားကောက်ယူပေး သူများက ပြောဆိုကြသည်။

“ လွန်ခဲ့တဲ့လေးငါးရက်က ကောက်ထားတဲ့စာရင်းမှာတောင် အိမ်ထောင်စု ငါးထောင်ကျော်သွားပြီ ၊ အဲ့ထဲမှာက နာမကျန်းတွေကော၊ နို့တိုက်မိခင်တွေကော ၊ မသန်စွမ်းတွေကော သက်ကြီးရွယ်အိုတွေကော အကုန်ပါတယ်” ဟု စစ်‌ဘေးရှောင်လာသူများ၏ စာရင်းကောက်ခံနေသူတစ်ဦးက ဆိုသည်။

စစ်ဘေးရှောင်များကို လာရောက်ကူညီလိုလျှင် စစ်ကောင်စီ၏ စီမံအုပ်ချုပ်ရေးကော်မတီထံ ဦးစွာအကြောင်းကြားရမည်ဟု ညွှန်ကြားထာမှုလည်းရှိသည်ဟု အကူအညီပေးနေသည့် သူများက ပြောဆိုကြသည်။

“ အကူအညီတွေမရကြဘူး ၊ INGO တွေ CSO တွေက သတင်းအချက်အလက်တွေလာယူကြတယ်၊ ဒါပေမယ့် ကူညီတာတွေတော့ မတွေ့မိသေးဘူး၊ ကူညီနေတဲ့ဟာတွေက တစ်နိုင်တစ်ပိုင် ပရဟိတတွေပဲရှိတယ် ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများ ရှမ်းတိုင်းရင်းသားများသည် ဧပြီလ ၁၂ ရက်ကတည်းက တာပိန်မြစ် တလျှောက် နယ်မြေအေးချမ်းသည့် ကျေးရွာများ ၊ မိုးမောက်မြို့ နှင့် ဗန်းမော်မြို့သို့ တိမ်းရှောင်လာခဲ့ကြခြင်းဖြစ်သည်။

ရှမ်းစစ်ရှောင်များကို ကူညီပေးနိုင်ရန်အတွက် ဗန်းမော်မြို့ရှိ ရှမ်းအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများက ကော်မတီတစ်ရပ်ဖွဲ့စည်းထားကြောင်းသိရသည်။

ကချင်တိုင်းရင်းသားစစ်ဘေးရှောင်များက ၎င်းတို့၏ ခရစ်ယာန်ဘုရားရှိခိုး‌ကျောင်းများတွင် ခိုလှုံလျက်ရှိနေကြသည်။

လက်ရှိတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသောကြောင့် စစ်ဘေးရှောင်များလည်း ပိုတိုးလာလိမ့်မည်ဟု ပြောဆိုထားမှုလည်း ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *