KIO နှင့်  PSLF တို့တွေ့ဆုံဆွေးနွေးပြီး    ထာဝရမဟာမိတ်စာချုပ်ကို  ဆက်လက်အသိအမှတ်ပြုထိန်းသိမ်းသွားဖို့  ပူးတွဲကြေညာချက်ထုတ်ပြန် 

မေ ၂၉ ၊ မူဆယ် 

KIO  နှင့် PSLF ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးတို့က တွေ့ဆုံဆွေးနွေးမှုတစ်ခုပြီး ထာဝရမဟာမိတ်စာချုပ်ကို  ဆက်လက် အသိအမှတ်ပြု ထိန်းသိမ်းသွားဖို့  ပူးတွဲကြေညာချက်တစ်စောင်ကို မေလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။ 

သူတို့နှစ်ဖွဲ့က  မေလ တတိယအပတ် (၁၆-၁၇) ရက်နေ့တွေမှာ ကချင်ပြည်နယ်၊ မိုင်ဂျာယာန်မြို့မှာ နှစ်ဖက်အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေက တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အချက် (၅) ချက်ပါတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့တာပါ။ 

ဒေသခံများဖြစ်ကြသည့် ကချင်လူမျိုး၊ တအာင်း(ပလောင်)လူမျိုး၊ ရှမ်းလူမျိုးအပါအဝင် ဒေသတွင်းရှိ ပြည်သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့် ဝန်ထုတ်ဝန်ပိုဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားသွားကြဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။ 

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စတွေမှာလည်း အပြန်အလှန်သတင်းဖလှယ်ပြီး လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို တစ်ဖက်နဲ့တစ်ဖက် အသိအမှတ်ပြု အားပေးသွားကြမယ်လို့ ထုတ်ပြန်တွေက ဆိုထားပါတယ်။

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်သွားဖို့ ၊ အမျိုးသားတန်းတူရေးအပေါ်အခြေခံပြီး အပြန်အလှန်လေးစားမှုတွေနဲ့  ရှေးယခင်အတိုင်း ချစ်ကြည်ရင်းနှီးစွာ ယှဥ်တွဲနေထိုင်သွားဖို့ အပြင်  အငြင်းပွားဖွယ်ရာ သမိုင်ကြောင်းများနှင့် အမုန်းစကားများကို ရှောင်ကြဥ်ကာ ချစ်ခင်ရင်းနှီးမှုတို့ကို အလေးထားဆောင်ရွက်ဖို့်အတွက် ဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် မမျှော်လင့်သည့် အခက်အခဲများပေါ်ပေါက်လာပါက မှန်ကန်သောဆုံးဖြတ်ချက်ရရှိရေးအတွက် နှစ်ဖက်တိုင်ပင်ညှိနှိုင်း ဖြေရှင်းသွားကြရန်နှင့် ပဋိပက္ခမပေါ်ပေါက်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းကြဖို့ကိုလည်း ပြောဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တီးမကျေးကျေးရွာအုပ်စုအတွင်းရှိ  KIA လုံခြုံရေးယူပေးထားသည့် ရွှေမျှောများကို တအောင်းပလောင်အမျိုးသားတပ်မတော်  TNLA က (အခွန်) ဆက်ကြေးဝင်ကောက်မှုကြောင့် နှစ်ဖက်တင်းမာမှုတချို့ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *