MNDAA တပ်ဖွဲ့များဖမ်းဆီးထားတဲ့ ၁၅ နှစ်အရွယ် အမျိုးသမီးငယ် သုံးပတ်ကျော်ကြာလာတဲ့အထိ မလွတ်သေး

ဖေဖော်ဝါရီလ ၇ ၊ လားရိူး

မကြာသေးမီဖေဖော်ဝါရီလ(၇)ရက်နေ့ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရိူးခရိုင်၊မိုင်းယော်တိုက်နယ်၊ လုံမွန်းကျေးရွာနေ အမျိုးသမီးငယ်(၁)ဦးကို ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့များဖမ်းဆီးသွားပြီးနောက် ယနေ့အချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးဘူးလို့ ဒေသတွင်းမီဒီယာများထံမှ သိရပါတယ်။

အသက်(၁၅)နှစ်အရွယ် နန်းယိင်းဟွမ်ကို ၎င်းတို့တပ်ဖွဲ့များဖမ်းဆီးထားတာ ​ယနေ့မတ်လ(၅)ရက်နေ့အထိ (၂၆)ရက် ရှိပြီဖြစ်ပြီး မိုင်းယော်က MNDAA တပ်စခန်းမှာ ချုပ်နှောင်ထားတာလည်း ဖြစ်ပါတယ်။

နန်းယိင်းဟွမ်အား တစ်ပတ်တစ်ကြိမ် မိသားစုဝင်များကိုတော့  တွေ့ဆုံခွင့်ပေးထားသော်လည်း လွှတ်ပေးမယ့်ရက်ကိုတော့ သိရှိခြင်းမရှိသေးသလို မိသားစုဝင်များရဲ့ပြောပြချက်အရ အမျိုးသမီးငယ်ဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများခံစားနေရကြောင်း ဆိုပါတယ်။

သူမကိုဖမ်းဆီးထားရခြင်းအကြောင်းအရင်းမှာ  ပြီးခဲ့တဲ့လမှာပဲ လုံမွန်းကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းထဲ  သမီးရည်းစားကိစ္စရပ်ကြောင့် ကိုးကန့်တပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ကြောင့် စွပ်စွဲဖမ်းဆီးထားတာဟုသိရပါတယ်။

ဒါကြောင့် အမျိုးသမီးအဖွဲ့အစည်းများနဲ့ အရပ်ဘက်အဖွဲ့အစည်းများကလည်း အခုလိုအသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်အား ဖမ်းဆီးထားခြင်းဟာ မဖြစ်သင့်ကြောင်းနဲ့ ပြန်လည််လွှတ်ပေးရေးကို တောင်းဆိုမှုများပြုလုပ်နေကြပါတယ်။ 

ရှမ်းအရပ်ဘက်အဖွဲ့အစည်းများကလည်း အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြန်လွှတ်နိုင်ရေးအွက် ကုလသမဂ္ဂ ၊ တရုတ် နဲ့ အာဆီယံကို အိတ်ဖွင့်ပေးစာတစ်စောင်ထုတ်ပြန်ခဲ့ပြီး တောင်းဆိုခဲ့ပါတယ်။ 

ရှမ်းပါတီတစ်ခုဖြစ်တဲ့ ကျားဖြူပါတီကလည်း ဖမ်းဆီးထားခံထားရတဲ့ နန်းယိမ်းဟွမ်ဟာ ကျန်းမာရေးနဲ့ စိတ်ဒဏ်ရာအတွက် စိုးရိမ်ရတကြောင့်  အမြန်ဆုံးပြန်လွတ်ပေးဖို့ MNDAA ဆီကို မေတ္တာရပ်ခံချက်တစ်စောင် မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ 

MNDAA  ဘက်က အခုဖြစ်ရပ်ကို တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *